စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းရန် နေအိမ်ပေါ်အထိ လာရောက်ပေါ်တာဆွဲခေါ်နေဟုဆို

0
43

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့က တိုင်းနှင့် ပြည်နယ်အသီးသီးတွင် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၂) သင်တန်းကို ဆက်လက်ဖွင့်လှစ်နေပြီး တပ်သားသစ်ရရှိရန် နေအိမ်ပေါ်ထိ ပေါ်တာလာရောက်ဆွဲကြောင်း စုံစမ်းသိရသည်။

ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၂) သင်တန်းအတွက် တပ်သားသစ် လိုက်လံကောက်ခံခဲ့ရာ၌ လူနေအိမ်ပေါ်ထိ ပေါ်တာဆွဲခဲ့သည်ဟု ပင်လောင်းမြို့ဒေသခံတစ်ဦးက ယခုလို ပြောပါသည်။

“သင်္ကြန်ပြီးတော့ စင်းတောင်းရွာမှာ လူနေအိမ်ပေါ်ထိ ပေါ်တာတက်ဆွဲတာ၊ လူငယ်တချို့တွေ ပါသွားတယ်။ တချို့တွေက ကြောက်လို့ မနေရဲလို့ ပြေးကုန်တာ။ အခုလည်း မြို့ပေါ်မှာ တစ်ရပ်ကွက်ကို လူနှစ်ယောက် တောင်းတယ်။ ဘယ်သူမှ မသွားချင်လို့ လူငှားဖို့အတွက် တစ်အိမ်ကို ကျပ် ၈ သောင်း ထည့်ရတယ်” ဟု အဆိုပါပင်လောင်းဒေသခံက ပြောဆိုသည်။

လက်ရှိချိန်၌ ပင်လောင်းမြို့နယ်တွင် တော်လှန်ရေးအင်အားစု တပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်လက် ဖြစ်ပွားနေတာကြောင့် စစ်ကောင်စီသည် ၎င်း၏လက်အောက်ခံ ပြည်သူ့စစ် PNO တပ်ဖွဲ့အား တပ်သားသစ် စုဆောင်းခိုင်းစေပြီး ရှေ့တန်းပို့ဆောင်ခဲ့သည်ဟု ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

ထိုကဲ့သို့ ရှေ့တန်းသို့ ပို့ဆောင်ခဲ့ရာ၌ ဧပြီလ ၂၇ ရက်နေ့တွင် မဲနယ်တောင်ဒေသက စစ်သင်တန်းမတက်ဖူးသူ အသက် ၃၁ နှစ်အရွယ် ခွန်အောင်ရွေသည် ထမ့်ယမ်းတိုက်ပွဲ၌ သေနတ်ထိမှန်ပြီး သေဆုံးသွားသည်။

အလားတူ ကျောက်တလုံးကြီးမြို့ နောင်လုံရပ်ကွက်နေ အသက် ၂၅ နှစ် ခွန်မောင်ပိုးသည်လည်း PNO ခေါ်သည့် ပြည်သူ့စစ်မှုထမ်းတွင် အလှည့်ကျရှေ့တန်းတက်စဉ် ဧပြီလဒုတိယပတ်တွင် တိုက်ပွဲ၌ သေဆုံးသွားခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် (၂) သင်တန်းကိုလည်း နိုင်ငံတဝန်း၌ မေလ ၁၅ ရက်တွင် ဖွင့်လှစ်ကြောင်း စစ်ကောင်စီက ထုန်ပြန်ကြေညာသည်။

စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အသက်သွင်းပြီးနောက် သင်္ကြန်ရုံးပိတ်ရက်များအပြီး စစ်မှုထမ်းရန်အတွက် လူသစ် စတင်စုဆောင်းမည်ဟု ကြေညာထားသော်လည်း အပတ်စဉ် (၁) စစ်သင်တန်းကို သင်္ကြန်မတိုင်မီ ဧပြီ ၈ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။

တဖက်တွင်လည်း ပြည်သူ့စစ်မှုထမ်း အမှတ် (၂) သင်တန်းအတွက် လူသစ်စုဆောင်းမှုများ ပြုလုပ်နေစဉ် စစ်ကောင်စီလက်အောက် အလုပ်သမားဝန်ကြီးဌာနက အမျိုးသားများ ပြည်ပသို့ တရားဝင်အလုပ်သွားရောက် လုပ်ကိုင်ခွင့်ကို မေလ ၁ ရက်နေ့မှ စ၍ ယာယီတားမြစ် ပိတ်ပင်လိုက်သည်။

စစ်မှုထမ်းဥပဒေကြောင့် လူငယ်များအပြား တရားဝင်နှင့် တရားမဝင်လမ်းကြောင်း နှစ်ခုစလုံးမှတဆင့် ပြည်ပ နိုင်ငံများသို့ ထွက်ခွာနေစဉ် ယခုကဲ့သို့ ထပ်မံပိတ်လိုက်သဖြင့် လူငယ်များ တရားမဝင် ထွက်ခွာမှု ပိုတိုးလာ နေကြောင်းနှင့် BACS အစီရင်ခံစာအရ စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းပြီးနောက် နည်းအမျိုးမျိုးဖြင့် နေရပ်စွန့်ခွာရန် ကြိုးစားနေကြသည့် လူငယ် ၁ သိန်းထက်မနည်း ရှိနေကြောင်း ထုတ်ပြန်အရ သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here