PSLF/TNLA ၏ ထိန်းချုပ်မြို့များမှ သံသယရှိသည့် Non CDM ဝန်ထမ်းများကို အရေးယူသွားမည်ဟုဆို

0
41
ပုံစာ - PSLF/TNLA ထုတ်ပြန်ချက်

“၁၀၂၇ စစ်ဆင်ရေး” အတွင်း သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့နယ် ၇ မြို့မှ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသည့် Non CDM ဝန်ထမ်းများကို အပြစ်ပေးအရေးယူခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း PSLF/TNLA တပ်ဖွဲ့က သတိပေး ထုတ်ပြန်လိုက်သည်။

တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA က ၎င်းတို့ထိန်းချုပ်မြို့များရှိ Non CDM ဝန်ထမ်းများအပေါ် အချက် (၃) ချက် ပါဝင်သည့် ရှင်းလင်းချက်တစ်စောင်ကို မေလ ၁၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လာခြင်း ဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်ထဲတွင် တအာင်း (ပလောင်) တပ်ဖွဲ့ PSLF/TNLA သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့နယ် ၇ မြို့နယ်ရှိ စစ်ကောင်စီလက်အောက်တွင် ပုံစံမျိုးစုံဖြင့် တာဝန်ထမ်းဆောင်ခဲ့သော Non CDM ဝန်ထမ်းများ အားလုံးကို လုပ်ငန်းတာဝန်များ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း PSLF/TNLA က ကြေညာသည်။

“စစ်ကောင်စီဝန်ထမ်းတွေ မူဆယ်မှာ စာသွားသင်ပြီး နမ့်ခမ်းကို ပြန်တာမျိုးဆိုရင် သူလျှိုလို့သတ်မှတ်ပြီး အချိန်မရွေး ဖမ်းနိုင်တယ်ဆိုပြီးတော့ TNLA က ခြိမ်းခြောက်တာ ရှိတယ်။ နောက်ပြီးတော့ မူဆယ်ကို ပြောင်းမယ် ဆိုရင်လည်း အိုးအိမ်တွေလည်း အကုန်ပြောင်းသွားဖို့ ပြောတာပေါ့” ဟု နမ့်ခမ်းမြို့ ပညာရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သတ်မှတ်ချက်အရ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသည့် Non CDM ဝန်ထမ်းများကို အရေးယူနိုင်ရန် သက်ဆိုင်ရာမှ ဖမ်းဆီးအရေးယူခြင်း၊ တိုင်ကြားမှုအရ ဖမ်းဆီးပြီး အဆင့်ဆင့် စစ်ဆေးအရေးယူခြင်းများနှင့် သတ်မှတ်ထားသည့် စီမံချက်အရ အပြစ်ပေး အရေးယူခြင်းများ ပြုလုပ်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ထို့အပြင် PSLF/TNLA ထိန်းချုပ်ထားသည့် မြို့များတွင် ဆက်လက်နေထိုင်သည့် Non CDM ဝန်ထမ်းများသည် စစ်ကောင်စီထံမှ လစာထုတ်ယူခြင်း၊ လုပ်ငန်းအစီရင်ခံစာ ပေးပို့ခြင်း စသည့် ပူးပေါင်းဆောင်ရွက်နေမှုများ တွေ့ရှိပါက အပြစ်ပေး အရေးယူသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက PSLF/TNLA ဒု-ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်တားဂျုတ်ဂျားမှ CDM ဝန်ထမ်းများနှင့်သာ လက်တွဲအလုပ်လုပ်မည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ဖူးသည်။

တအာင်း (ပလောင်) တပ်ဖွဲ့ PSLF/TNLA အနေဖြင့် “ ၁၀၂၇ စစ်ဆင်ရေး ” အတွင်း နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မိုင်းငေါ့နှင့် မိုင်းလုံမြို့များကို သိမ်းပိုက်ထိန်းချုပ်ထားပြီး ၎င်းမြို့များတွင် အုပ်ချုပ်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သည်ဟု ပြောဆိုထားပါသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here