ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၂ သင်တန်းစတင်

0
48
Photo - SAC Telegram

စစ်ကောင်စီအသက်သွင်းလိုက်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ မွန်ပြည်နယ်တွင် စစ်မှုထမ်းအပတ်စဉ် ၂ သင်တန်းကို မေ ၁၄ ရက်နေ့မှာ ထပ်မံဖွင့်လှစ်လိုက်သည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်မှုထမ်းအပတ်စဉ် ၂ သင်တန်းကို သံဖြူဇရပ်မြို့နယ်ရှိ ဝဲကလိကျေးရွာအခြေစိုက် တကက ၄ လို့ခေါ် အမှတ် (၄) တပ်မတော် တန်းမြင့်သင်တန်းကျောင်း၌ ထပ်မံဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီက ထုတ်ပြန်သည့် မှတ်တမ်းဓာတ်ပုံများအရ စစ်မှုထမ်း အပတ်စဉ် ၂ သင်တန်းတွင် စစ်သား စုဆောင်းခံရသူ ရာဂဏန်းခန့် တက်ရောက်နေသည်ကို တွေ့ရသည်။

အပတ်စဉ် ၂ စစ်သင်တန်း၌ စစ်သားစုဆောင်းခံရသူများတွင် အတင်းအဓမ္မ ဖမ်းဆီးခံရသူများ၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများက ငွေနှင့်ဝယ်ယူပြီး သင်တန်းပို့ဆောင်ခံထားရသူ အများဆုံး ပါဝင်သည်ဟု စစ်ကောင်စီနှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

စစ်မှုထမ်းအပတ်စဉ် ၂ သင်တန်းတွင် တက်ရောက်နေသည့် သင်တန်းသားအရေအတွက်နှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ သတင်းထုတ်ပြန်သည်ကို မတွေ့ရှိရသေးပါ။

အရွယ်ရောက်ပြီး နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်း အပတ်စဉ် (၁) သင်တန်းကို ပြီးခဲ့သည့် ဧပြီ ၈ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ BACS က ထုတ်ပြန်သည့် အစီရင်ခံစာအရ မွန်ပြည်နယ်၏ စစ်မှုထမ်း သင်တန်း အပတ်စဉ် ၁ ၌ စစ်သားစုဆောင်းခံရသူ သင်တန်းသားအယောက် ၂၀၀ ကျော် ရှိသည်ဟု သိရှိရသည်။

နိုင်ငံတဝန်းတွင် စစ်မှုထမ်းအပတ်စဉ် ၁ သင်တန်းအတွက် လူငယ် ၄၃၀၀ ကျော် စစ်သားစုဆောင်းခြင်းခံရပြီး စစ်သင်တန်းကျောင်း ၁၅ ကျောင်းသို့ ပို့ဆောင်ခံထားရသည်ဟု BACS ၏ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here