အလုပ်အကိုင်ရှားပါးမှုကြောင့် မြန်မာ – တရုတ်နယ်စပ်ဒေသတွင် တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရမှုတိုးလာ

0
72
ပုံစာ - မြန်မာ-တရုတ်နယ်စပ်ဂိတ်

မြန်မာ-တရုတ်နယ်စပ်ဒေသတွင် အလုပ်အကိုင်ရှားပါးမှုကြောင့် ပွဲစားများက အလုပ်ရှာဖွေပေးမည်ဟု မက်လုံးပေး ခေါ်ဆောင်ရာမှ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရမှု တိုးလာနေကြောင်း လူမှုကူညီရေး အသင်းများထံမှ သိရသည်။

သျှမ်းမြောက်တွင် “၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲများ ဖြစ်ပွားပြီးနောက် နယ်စပ်ဒေသခံများ အပါအဝင် စစ်ဘေးရှောင်များသည် အလုပ်လုပ်ကိုင်ရန်အတွက် မူဆယ်မြို့ရှိ နန်းတော်ဂိတ်တွင် ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (TBP) သော်လည်းကောင်း၊ ယာယီလက်မှတ် စာအုပ်နီသော်လည်းကောင်း ပြုလုပ်ပြီး တရုတ်ပြည်သို့ သွားရောက်အလုပ်လုပ်ကြခြင်း ဖြစ်သည်။

“အလုပ်ရမယ်၊ အလုပ်ပေးမယ် ခေါ်ပြီးတော့ ဟိုရောက်တော့ ရောင်းစားလိုက်တာပေါ့။ အခုက မြန်မာပြည်မှာ အလုပ်ကခက်ခဲတော့ တရုတ်ပြည်ကို လာကြတယ်။ မြန်မာပြည်မှာက နေလို့လည်းမရ၊ အလုပ်တွေ မရှိတော့ ရရာအလုပ်များ ရမလား တက်လာကြတာ။ ဟိုရောက်တော့ ရောင်းစားခံရတာ” ဟု ရောင်းစားခံသူများကို ကယ်ထုတ်ပေးခဲ့သည့် လူမှုကူညီရေးအသင်း တာဝန်ခံတစ်ဦးက ပြောဆိုသည်။

ရောင်းစားခံရသူများမှာ အသက် ၂၀ ကျော်အရွယ် မြန်မာ – တရုတ်နယ်စပ်ဒေသက ဒေသခံအမျိုးသမီးများ အပါအဝင် မကွေး၊ ပခုက္ကူ၊ ရန်ကုန် စသည့်ဖြင့် အနယ်နယ်အရပ်ရပ်က အမျိုးသမီးများလည်း ပါဝင်ကြသည်ဟု လူမှုကူညီရေးအသင်း တာဝန်ရှိသူများက ပြောသည်။

၎င်းတို့သည် တရုတ်ပြည် ယူနန်မြိုအထိ ပို့ဆောင်ရောင်းစားခြင်း ခံကြရကြောင်း၊ အမျိုးသမီးတစ်ဦးလျှင် တရုတ်ယွမ် ၅ သောင်း (မြန်မာကျပ်ငွေ ကာလပေါက်စျေး ကျပ်သိန်း ၂၈၀ နီးပါး) မက်လုံးပေး၍ ခေါ်ခံရကြောင်း သိရသည်။

လက်ရှိတွင် တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံရသည့် အမျိုးသမီး ၆ ဦး ကို လူမှုကူညီရေးအသင်းက ကယ်ဆယ် လက်ခံကူညီခဲ့ပြီး သက်ဆိုင်ရာမြို့နယ်သို့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်သည်ပြီဟု အထက်ပါ လူမှုကူညီရေး အသင်းတာဝန်ခံက ပြောဆိုသည်။

မြန်မာအမျိုးသမီးများ ထိုသို့ရောင်းစားခံရမှုနှင့် ပတ်သက်၍ နှစ်နိုင်ငံပူးပေါင်းပြီး ခြေရာခံ လိုက်မည်ဆိုလျှင်လည်း ခက်ခဲကြောင်း၊ အမျိုးသမီးများ ရောင်းစားခံရမှု နောက်ကွယ်၌ လူမှုအဖွဲ့အစည်းတချို့နှင့် လက်နက်ကိုင်တပ်ဖွဲ့ တချို့ ပါဝင်ပတ်သက်နေကြောင်း လူမှုကူညီရေးအသင်းက ပြောပါသည်။

“ကျနော်တို့ စုံစမ်းရသလောက်ဆိုရင် ပွဲစားတွေက အဖွဲ့အစည်းပိုင်းကလည်းပါတယ်။ လက်နက်ကိုင်တွေပါတယ်။ ကျနော်တို့လည်း ဘာမှလုပ်လို့မရဘူး၊ မလုပ်ရဲဘူး။ အဲ့ကြောင့် တချို့အရာတွေကလည်း ကျနော်တို့ တင်မပြတာ အများကြီးပဲ။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ လုပ်လိုက်တဲ့အခါကြမှ မလွတ်ကင်းတဲ့ဟာ များတာကြောင့် ကျနော်တို့လည်း ငြိမ်နေရတယ်။ ကျနော်တို့လည်း လက်လှမ်းမှီသလောက်ဟာပဲ လုပ်ပေးနိုင်တယ်” ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

ထို့အပြင် ရောင်းခံစားရမှု ဖြစ်စဉ်တချို့တွင် သူငယ်ချင်း အချင်းချင်းဖြစ်သူမှ အလုပ်ရှာဖွေပေးမည်ဟု လိမ်လည်ပြီး တရုတ်ပြည်သို့ ခေါ်ဆောင်ကာ ရောင်းစားခဲ့ကြောင်း၊ အချို့တွင် ကာယကံရှင်ဖြစ်သူကိုယ်တိုင်က သဘောတူ လက်ခံပြီး မိမိကိုယ်ကို ပြန်လည်ရောင်းစားခဲ့သည်ဟု ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ တိုင်းနှင့် ပြည်နယ် အသီးသီးတွင် စစ်ရေးပဋိက္ခများ ဖြစ်ပွားလာခဲ့ရာ ပြည်သူများသည် စစ်ပြေးနေရသည်က တကြောင်း၊ စီးပွားရေးကျဆင်း၍ အလုပ်အကိုင် အဆင်မပြေသည်က တကြောင်းနှင့် စစ်မှုထမ်းဥပဒေကို ကြောက်ရွံ့၍ ပြည်ပသို့ ထွက်ပြေးနေကြခြင်း စသည့်ဖြင့် ပြည်ပသို့ ထွက်ခွာပြေးလာမှုများ ရှိနေသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here