ရခိုင်တွင် စစ်ကောင်စီလေကြောင်း၊ လက်နက်ကြီးကြောင့် ၂ ရက်အတွင်း သေဆုံးဒဏ်ရာရရှိသူ ၄၀ ကျော်ထိရှိ

0
49
ပုံစာ - လေကြောင်းနှင့်ဗုံးကြဲမှုကြောင့် ပျက်စီးသွာသည့်ကျောက်တော်မြို့၊ ဝဲကြီးထောင့်တိုက်နယ်ဆေးရုံ။ (Photo - AA Info Desk)

ရခိုင်ပြည်က မြို့နယ် ၃ ခု တွင် ၂ ရက် အတွင်း စစ်ကောင်စီက လေကြောင်းနှင့် တိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးနှင့် ပစ်ခတ်မှုများကြောင့် အရပ်သားသေဆုံး၊ ဒဏ်ရာရသူ ၄၀ ကျော်ထိရှိကြောင်း ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

ကျောက်တော်မြို့နယ် ဝဲကြီးထောင့်ဆေးရုံကို မေလ ၁၅ ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးတချို့နှင့် ဒဏ်ရာရရှိသူ ၂၀ ကျော်အထိ ရှိခဲ့သည်။

မေလ ၁၄ ရက်နေ့က မောင်တောမြို့နယ် ကင်းချောင်ကျေးရွာကို စစ်ကောင်စီက ဂျတ်လေယာဉ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ရွာသား ၄ ဦး သေဆုံးကာ၊ ဒဏ်ရာရသူ ၄ ဦး ရှိခဲ့သည်။

ထိုအတူ သံတွဲမြို့နယ်တွင်လည်း စစ်ကောင်စီက လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် လင်းသီကျေးရွာတွင် သေဆုံးသူ ၁၀ ဦးနှင့် ဒဏ်ရာရသူများ ရှိခဲ့သည်။

စစ်ကောင်စီက စစ်ရေးနှင့် မဆိုင်သည့် အရပ်သားများကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့မှုကြောင့် စိုးရိမ်မှုမြင့်တက်နေသည်ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။

“သံတွဲမြို့နယ်မှာက တိုက်ပွဲကြောင့် အခုလိုမျိုး အစုလိုက်အပြုံလိုက် သေဆုံးတာ တခါမှမရှိခဲ့ဘူး။ တိုက်ပွဲအတွေ့အကြုံလည်း မရှိကြတော့ စိုးရိမ်မှုလည်း သိပ်မရှိကြဘူးပေါ့။ အခုတော့ တကယ့် နဖူးတွေ့ဒူးတွေ့ ကြုံရမှ ကြောက်လန့်ပြီးတော့ စိုးရိမ်မှုမြင့်တက်နေကြတာ” ဟု ၎င်းက ပြောသည်။

သံတွဲမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့အကြား ဧပြီလ ၁၃ ရက်နေ့က စတင် တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်ပြီး စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားသည့် ကျေးရွာများနှင့် ပတ်ဝန်းကျင်များကို လက်နက်ကြီးနှင့် ပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်နေသဖြင့် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လာခြင်းဖြစ်သည်။

မောင်တောမြို့နယ်တွင်လည်း စစ်ကောင်စီက ကျေးရွာများကို လေကြောင်းနှင့် တိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှုနှင့် ထိခိုက်မှုများမှာ မြင့်တက်လာနေပြီး ကျေးရွာရှိအိမ်များလည်း မီးလောင်ပြာကျခဲ့ရသည်။

အာရက္ခတပ်တော်က သိမ်းပိုက်ထားသည့် ကျောက်တော်မြို့နယ်မှာလည်း စစ်ကောင်စီက မကြာခဏ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် အရပ်သားသေဆုံးမှုမှာ မြင့်တက်နေဆဲ ဖြစ်သည်။

ကျောက်တော်ဒေသခံတစ်ဦးက “စစ်ကောင်စီက အထူးသဖြင့် ဆေးရုံတွေ၊ ဘာသာရေး အဆောက်အဦးတွေနဲ့ အရပ်သားတွေ စည်းကားတဲ့နေရာတွေကို တိုက်ခိုက်တာကြောင့် ထိခိုက်မှုကများတယ်။ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေတာတွေကို နိုင်ငံတကာအနေနဲ့ ထိထိရောက်ရောက် အရေးယူစေချင်တယ်” ဟု ပြောသည်။

မေလ ၁၅ ရက်နေ့က ရခိုင်ပြည်၊ မင်းပြားမြို့တွင်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ထိခိုက်ဒဏ်ရာရရှိသူတစ်ဦး ရှိကြောင်း သိရသည်။

ရခိုင်တွင် တိုက်ပွဲကာလဖြစ်သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ မှ ၂၀၂၄ ခုနှစ် မတ်လ ၂၁ ရက်နေ့ အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် ရေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးသူ ၁၇၉ ဦး ထက်မနည်းရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄၆၈ ဦး ရှိသည်ဟု HDCO ၏ စာရင်းများ အရ သိရသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here