လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် ဝန်ထမ်း ၅ ဦးကို IEC က လွတ်ငြိမ်းခွင့်ပေးပြီး နေရပ်ပြန်ပို့

0
31
Photo - IEC

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ပြစ်ဒဏ်ချမှတ်ထားသော လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်အပါအဝင် ဝန်ထမ်း ၅ ဦးကို မေလ ၈ ရက်နေ့က ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့် ပြုလိုက်ပြီဟု IEC ၏ အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ပြောသည်။

ခူးပလုရယ်က “ပါမောက္ခချုပ်အပါအဝင် ၅ ဦးသည် ပြစ်ဒဏ်ခံနေရတဲ့ကာလအတွင်းမှာ စည်းကမ်းဖောက်ဖျက်မှု တစုံတရာ မရှိဘူး။ တဖက်မှာလည်း သူတို့က အသက်ကြီးတဲ့သူတွေဖြစ်တော့ ကျန်းမာရေး အခြေအနေကလည်း သိပ်အဆင်မပြေတဲ့ အနေအထားတွေ ရှိတယ်။ ဒါတွေကို ထောက်ပြီးတော့ လွတ်ငြိမ်းပေးဖို့ စဉ်းစားခဲ့ကြတာလည်းဖြစ်တယ်” ဟု ပြောဆိုသည်။

ထို့အပြင် လူသားချင်းစာနာထောက်ထားမှု ရှုထောင့်ကနေကြည့်ပြီး အများ၏ဆုံးဖြတ်ချက်နှင့်အညီ လွိုင်ကော် တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ၅ ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့တာ ဖြစ်တယ်လို့လည်း ခူးပလုရယ်က ဆက်ပြောပါသည်။

လွတ်ငြိမ်းခွင့်နှင့် ကြီးကြပ်စစ်ဆေးရေးဘုတ်အဖွဲ့၏ တင်ပြမှုအရ လူသားချင်းစာနာထောက်ထားမှုကို ဦးတည်ပြီး ကရင်နီပြည်နယ် ကြားကာလတရားစီရင်ရေးဥပဒေ ပုဒ်မ (၃၂) အရ ပြန်လည်လွတ်မြောက်ခွင့် ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဝန်ထမ်း ၅ ဦး ဖြစ်သည့် ပါမောက္ခချုပ်ဦးအောင်ခင်မြင့် ၊ ဒုပါမောက္ခချုပ်ဒေါ်သီတာနှင့် ကျန်ဝန်ထမ်းများဖြစ်သည့် ဒေါ်လှလေးမြင့်၊ ဒေါ်ယဥ်ယဥ်နိုင်၊ ဒေါ်မို့မို့ထွန်းတို့ကို မတရားအသင်းအက် ဥပဒေပုဒ်မ ၁၇/၁ နှင့် အမှုဖွင့် အရေးယူခဲ့ခြင်းဖြစ်ကြောင်းနှင့် လက်ရှိချိန်တွင် ၎င်းတို့ကို နေရပ်သို့ ပြန်လည်ပို့ဆောင်ပြီ ဖြစ်သည်ဟု ဆိုပါသည်။

“သူတို့ကို လုံခြုံစိတ်ချရတဲ့ လမ်းကြောင်းကနေတဆင့် ပို့ပေးလိုက်ပြီဖြစ်တယ်။ သူတို့ရဲ့ နေရပ်ဇာတိကိုတော့ ဒီလုံခြုံတဲ့ လမ်းကြောင်းကနေ တဆင့် ရောက်ရှိသွားပြီလို့ ပြောလို့ရပါတယ်” ဟု ခူးပလုရယ်က ပြောသည်။

တစ်လေးလုံးစစ်ဆင်ရေး တိုက်ပွဲအတွင်း လွိုင်ကော်တက္ကသိုလ်တွင် ပိတ်မိနေခဲ့သော Non-CDM ဝန်ထမ်းများနှင့် တက္ကသိုလ်ပါမောက္ခချုပ် အပါအဝင် ၂၀၄ ဦး ကို တော်လှန်ရေးတပ်ဖွဲ့များက ကယ်ထုတ်ခဲ့ပြီး ထိန်းသိမ်းထား ခဲ့ခြင်းဖြစ်ပါသည်။

လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် အပါအဝင် (၅) ဦးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ် ၉ သိန်းကို IEC က အမိန့် ချမှတ်ခဲ့သည်။

ကျန်သော Non- CDM ဝန်ထမ်းများ အပါအဝင် မိသားစုဝင်များကို လိုအပ်သည့် စစ်ဆေးမေးမြန်းမှုပြုလုပ်ခဲ့ပြီး စစ်ကောင်စီ၏ ယန္တရားမှန်သမျှကို ပါဝင်ဆောင်ရွက်ခြင်း မပြုရန်၊ ပြည်သူနှင့် တသားတည်း ရပ်တည်သွားရန် ကတိဝန်ခံချက် လက်မှတ်ရေးထိုးစေခဲ့ပြီး နယ်နှင်ဒဏ်ပေးခဲ့ပါသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here