ဂျိုင်းမြစ်ဒေသ စစ်ရေးပဋိပက္ခအတွင်း စစ်ကောင်စီတပ်က လိင်ပိုင်းဆိုင်ရာကျူးလွန်မှုရှိနေ

0
33
Photo – Social Media

မွန် – ကရင်အစပ် ဂျိူင်းမြစ်ဒေသတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့များက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကျူးလွန်မှု ရှိခဲ့သည်ဟု အမျိုးသမီးအရေးလှုပ်ရှားနေသူများနှင့် မွန်လူ့အခွင့်အရေး အဖွဲ့တို့ထံမှ သိရသည်။

ဇာသပြင်အခြေစိုက် စစ်ကောင်စီ ခလရ ၈၁ နှင့် ကရင်နယ်ခြားစောင့်တပ် BGF ပူးပေါင်းစစ်ကြောင်းတို့က ရေကြောင်းမှ တဆင့် ဧပြီလ ၂၅ ရက်နေ့က ဂျိုင်းမြစ်ဒေသ ကော့ဘိန်း၊ ကော့စွယ်ကျေးရွာဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သည်။

ဒေသတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သည့် စစ်ကောင်စီတပ်က လိင်ပိုင်းဆိုင်ရာအကြမ်းဖက် ကျူးလွန်မှု ရှိခဲ့သော်လည်း ကာယကံရှင်ကထုတ်ဖော် ပြောဆိုမရဲသည့် အခြေအနေရှိနေသည်ဟု မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM ) ပြောရေးဆိုခွင့်ရှိသူ နိုင်အဲမွန်က ပြောသည်။

“ဘယ်နှယောက် ကျူးလွန်ခံရလည်းဆိုတာ ကျွန်တော်တို့အနေလည်း သတင်းတိတိကျကျ မသိသေးဘူး။ နောက်တခုက ကာယကံရှင်ကိုယ်တိုင်ကလည်း စကားအပြောမခံဘူး။ အခုလောလောဆယ် ကြားနေတာ ကတော့ ၂ ယောက်။ အရေအတွက်ကတော့ အဲ့ထက်မကဘူး။ စုံစမ်းနေတုန်းပဲ။ ကျူးလွန်တဲ့သူက အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက် တပ်ရင်းက တပ်သားတွေပဲ” ဟု နိုင်အဲမွန်က ပြောဆိုသည်။

ဆက်လက်ပြီး ၎င်းက “ဒီကိစ္စတွေကလည်း ရွာသားတွေ ပူးပေါင်းဆောင်ရွက်မှု မရှိဘူး။ လိင်ကိစ္စဖြစ်နေလို့ မပြောပြချင်တာလား။ မဟုတ်ရင် ရွာသိက္ခာကျမှာ ကြောက်လို့လား။ နောက် ဘယ်လိုမျိုး ကျူးလွန်ခံရလဲ ဆိုတဲ့ဟာက မရှင်းနေဘူး” ဟု သုံးသပ်ပြောပါသည်။

ကျူးလွန်ခဲ့သည့် လိင်အကြမ်းဖက်မှုကိစ္စနှင့် ပတ်သတ်ပြီး သတင်းမပေါက်ကြားစေရန် စစ်ကောင်စီတပ်ဘက်က ဒေသခံပြည်သူများကို ခြိမ်းခြောက်ပြောဆိုထားသည်လည်း ရှိနေသည်ဟု နိုင်အဲမွန်က ဆက်ပြောသည်။

ထို့အပြင် ဂျိုင်းမြစ်ဒေသတွင်းသို့ စစ်ကောင်စီစစ်ကြောင်းထိုးလာချိန်တွင် ကော့ဘိန်းနှင့် ကော့ပလိုင်ရွာမှ အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၃ ဦး တို့ကိုလည်း ပစ်သတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ဂျိုင်းမြစ်ဒေသရှိ ကော့ဘိန်းနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် မတ်လ ၂၄ ရက်နေ့နောက်ပိုင်း ဂျိုင်းမြစ်ဒေသကို စစ်ကောင်စီတပ်က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာခဲ့သည်။

ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့သည် နေအိမ်မီးရှို့ခြင်း၊ အဖိုးတန်ပစ္စည်းများကို ယူဆောင်ခြင်းအပြင် အပြစ်မဲ့ဒေသခံပြည်သူများကို ဖမ်းဆီးရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်း အစရှိသည့် လူ့အခွင့်အရေး ချိုးဖောက်မှုကို ဆက်တိုက်ကျူးလွန်နေသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်းဒေးရှင်းက ပြောသည်။

ကော့ဘိန်းရဲစခန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် ဂျိုင်းမြစ်ဒေသအတွင်း စစ်ကောင်စီမှ ရေကြောင်း၊ လေကြောင်းအပြင် လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီဘက်က ထိုသို့ပစ်ခတ်မှုကြောင့် တစ်လကျော်ကာလအတွင်း ဂျိုင်းမြစ်ဒေသက အရပ်သားပြည်သူ ၃၀ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူလည်း အများအပြား ရှိခဲ့သည်။

ယင်းအပြင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ဘုန်ကြီးကျောင်းအပါအဝင် လူနေအိမ် ၄၀၀ ကျော် မီးလောင်ပျက်စီး သွားခဲ့သည်။

ဒေသတွင်းတိုက်ပွဲနှင့် စစ်ကောင်စီဘက်မှ လေကြောင်း၊ ရေကြောင်းဖြင့် ဆက်တိုက်ပစ်ခတ် တိုက်ခိုက် နေခြင်းကြောင့် ဂျိုးမြစ်ဒေသတလျှောက်က ဒေသခံပြည်သူ ၃၀,၀၀၀ ကျော်သည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here