ပလက်ဝမြို့နယ်တွင် နင်းမိုင်းပေါက်ကွဲမှုကြောင့် ကလေး ၄ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိ

0
41

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်၊ ခဝဲကျေးရွာတွင် နင်းမိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ် ၄ ဦး ပွဲချင်းသေဆုံးကာ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၉ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်ခန့်တွင် ခဝဲကျေးရွာအနီး မြစ်ကမ်းနား မြေပဲခင်းတွင် ဆော့ကစား နေကြသော ကလေးငယ်များ မိုင်းနင်းမိ၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ရွာနဲ့လည်း မဝေးဘူး၊ နီးနီးလေးပေါ့။ အဲဒီမှာ မြေပဲခင်းလုပ်တာ၊ ချောင်းနဲ့လည်း နီးတယ်။ ကလေးတွေက သွားဆော့တာပေါ့။ ပူလည်းပူတယ်၊ ပူတော့ချောင်းမှာပဲ နေတတ်ကြတာများတယ်။ ပလက်ဝက ကလေးတွေက အဲဒီချောင်းမှာ ရေချိုးဖို့သွားရင်းနဲ့ ဆော့တဲ့အခါမှာ သူတို့က မိုင်းကိုတစ်ယောက်က နင်းလိုက်တာပေါ့နော် အဲဒီမှာ တခါတည်းပါသွားတာ” ဟု ကြားကာလ ခူမီး (ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ – IKACC အတွင်းရေးမှူးက ပြောသည်။

အဆိုပါနင်းမိုင်းပေါက်ကွဲမှုကြောင့် အသက် ၈ နှစ်အရွယ် မောင်အောင်ထွန်း၊ မောင်းလင်းမြတ်၊ မောင် အောင်လင်းထွန်းနှင့် အသက် ၁၁ နှစ်အရွယ် မောင်အောင်လင်းစိုးတို့ သေဆုံးသွားပြီး ညနေပိုင်းတွင် သဂြိုလ်လိုက်ကြကြောင်း သိရသည်။

သေဆုံးသွားသူ မောင်အောင်လင်းစိုး၏ညီငယ် မောင်အောင်စိုးလင်း အသက် ၈ နှစ်မှာလည်း ဝမ်းဗိုက်နှင့် တစ်ကိုယ်လုံးတွင် ပြင်းထန်ဒါဏ်ရာရရှိကာ ရွာထဲတွင် ဆေးကုသပေးနေပြီး အသက်အန္တရာယ် စိုးရိမ်ရ ကြောင်းလည်း သိရသည်။

အဆိုပါ မိုင်းပေါက်ကွဲသည့်နေရာသည် ယခင်က စစ်ကောင်စီတပ် အခြေချ တပ်ဆွဲခဲ့သည့် နေရာဟုသိရပြီး လက်ရှိတွင် AA က နေရာယူ တပ်ဆွဲထားကြောင်း သိရသည်။

“အရင်က အဲဒီဘက်ခြမ်းမှာ စကစက တပ်ချထားတဲ့နေရာ၊ အခုတော့ AA ပေါ့၊ ဆိုတော့ အဲဒီဖြစ်သွားတဲ့ ကွင်းပြင်က တပ်စခန်းရဲ့ကွင်းပြင်လိုမျိုး ဖြစ်သွားတာပေါ့၊ အခုပေါက်ကွဲသွားတဲ့မိုင်းက ဘယ်ဘက်ကမိုင်း ဖြစ်မလဲဆိုတာ မသိရဘူးပေါ့” ဟု IKACC အတွင်းရေးမှူးက ပြောသည်။

လက်ရှိတွင် အခင်းဖြစ်ပွားသောနေရာကို AA မှ မိုင်းအန္တရာယ်နယ်မြေဟု သတ်မှတ်ကာ ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း သိရသည်။

ခဝဲကျေးရွာသည် အိန္ဒိယ – မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်နှင့် နီးစပ်သော ကျေးရွာဖြစ်ပြီး ပြီးခဲ့သော မတ်လမှစ၍ စစ်ကောင်စီတပ်များ စွန့်ခွာသွားခဲ့သည့် ကျေးရွာဖြစ်ကာ အိမ်ခြေ ၁၅၀ ကျော်ရှိကြောင်း သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here