သံတွဲ၊ ရွှေလှေတိုက်နယ်မှ စစ်ဘေးရှောင် ၅၀၀ ကျော် စားဝတ်နေရေးအခက်ခဲဖြစ်နေ

0
46
Photo - CJ

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေတိုက်နယ်မှ စစ်ဘေးရှောင်များ စားဝတ်နေရေး အခက်အခဲဖြစ်ပြီး အကူအညီ လိုအပ်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီပေးသူများထံမှ သိရသည်။

ရွှေလှေတိုက်နယ် မကျည်းချောင်းကျေးရွာနှင့် ရွှေလှေကျေးရွာ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံ နေကြသည့် စစ်ဘေးရှောင် ၅၀၀ ကျော်သည် စားဝတ်နေရေး အခက်ခဲဖြစ်၍ အကူညီများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်အရေးကူညီပေးသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“အခုအခြေအနေက ဟိုရွာက ဆန်တစ်ပြည်နှစ်ပြည်၊ ဒီရွာက ဆန်တစ်ပြည်နှစ်ပြည် အလှူခံပြီး ကျွေးနေကြ ရတာပေါ့။ အခုဆိုရင် စစ်ရှောင်တွေက မကျည်းချောင်ဘုန်းကြီးကျောင်းမှာဆိုရင် အစက ၂၀၀ကျော်လောက်ပဲ ရှိတယ်။ အခု ထပ်တိုးလာတာတွေ ၃၀၀ ကျော်မယ် ထင်တယ်။ ပြီးတော့ ရွှေလှေဘုန်းကြီးကျောင်းမှာ ၂၀၀ လောက် ရှိတယ်။ ဒီလူတွေကို ကြာရှည်ကျွေးဖို့အတွက် ကျမတို့အတွက် ခက်ခဲနေပါတယ်။ လှူတဲ့သူတွေလည်း နည်းနေတယ်” ဟု ၎င်းက ပြောသည်။

စစ်ဘေးရှောင်နေရသည်မှာ တစ်လနီးပါးခန့် ကြာမြင့်ပြီဖြစ်ပြီး စားဝတ်နေရေးအပြင် တိုက်ပွဲဆက်ရှိနေ သေးသည့်အတွက် အိမ်ပြန်၍မရနိုင်သေးဘဲ အခက်ခဲများစွာဖြင့် ရင်ဆိုင်နေကြရသည်ဟု မကျည်းချောင်းမှ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါသည်။

“တချို့စစ်ရှောင်နေတဲ့သူတွေ စားဝတ်နေရေး ကျပ်တည်းလာတဲ့အတွက် အိမ်မှာကျန်ခဲ့တဲ့ ဆန်တွေ သွားယူတာမျိုး ရှိတယ်။ အဲ့လိုမျိုး သွားတော့လည်း ရွှေလှေတံတားမှာ စောင့်နေတဲ့ စစ်ကောင်စီတပ်တွေက တားတယ် မသွားရဘူး။ တချို့ရွာ ကို တခြားလမ်းကသွား.ပြီး ခဏဝင်ကြည့်တဲ့အခါ ရွာက ပစ္စည်းတွေ နွားတွေပျောက်တယ်။ ဆန်တွေ ပျောက်တာတို့ရှိတယ်။ စစ်တပ်ကယူတာ” ဟု အဆိုပါ စစ်ရှောင်အမျိုးသမီးက ပြောသည်။

သံတွဲတွင် မြို့ပေါ်စစ်ဘေးရှောင်စခန်းနှင့် ရွှေလှေတိုက်နယ်မှ စစ်ဘေးရှောင်စခန်းနှစ်ခုတွင် စုစုပေါင်းလူဉီးရေ ၈၀၀ နီးပါးခန့် ရှိသည်ဟု ဒေသခံများက ပြောသည်။

မြို့ပေါ်ရပ်ကွက် ဗောဓိကုန်း ဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းတွင် သူဌေးရေအားလျှပ်စစ် စီမံကိန်းမှ အလုပ်သမားများနှင့် မိသားစုများ ခိုလှုံနေပြီး၊ ရွှေလှေနှင့် မကျည်းချောင် စစ်ဘေးရှောင်စခန်းတွင် ဒေါ်မြ၊ ပုရစ်၊ ရေကောက်၊ ကျောင်းကုန်း၊ ရွှေလှေကျေးရွာများမှ စစ်ဘေးရှောင်များ ခိုလှုံနေထိုင်ကြကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here