သံတွဲတွင် AA က ဈေးဝယ်ပြီးပြန်လာသည့် စစ်ကောင်စီတပ်သားတချို့ကို ကြားဖြတ်တိုက်ခိုက်ခဲ့

0
34

ရခိုင်ပြည်၊ သံတွဲမြို့နယ် လင်းသီရွာ၌ တပ်စွဲစခန်းချထားသော စစ်သားတချို့ ဆူးပုတ်ကုန်းရွာတွင် ဈေးဝယ်ပြီးအပြန် ကွေ့ချောင်းတံတားအရောက်တွင် အာရက္ခတပ်တော် (AA) က ကြားဖြတ်ဝင်ရောက် တိုက်ခိုက်တာကြောင့် အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သံတွဲဒေသခံများက ပြောသည်။

“စစ်သားတွေက ဈေးသွားဝယ်ပြီးပြန်အလာမှာ ကွေ့ချောင်းတံတားအရောက်မှာ ဖြစ်ကြတာ။ ညနေ ၃ ခွဲကနေ ၆ နာရီအထိ၊ တိုက်ပွဲအတွင်းမှာ စကစဘက်က အကျတွေများတယ်လို့ ကြားတယ်” ဟု သံတွဲဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

မေ ၉ ရက် ညနေ ၃ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါပစ်ခတ်မှု တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်က လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ရာ လက်နက်ကြီးကျည်များ လင်းသီကျေးရွာနှင့် စစ်သားများ စခန်းချထားရာ နေရာများတွင် ကျရောက် ပေါက်ကွဲသဖြင့် ဒဏ်ရာရရှိခဲ့သည်ဟု ကြားသိရကြောင်း အဆိုပါဒေသခံအမျိုးသမီးက ဆက်ပြောသည်။

“လင်းသီမှာ ဟိုနေ့ကလည်း တိုက်ပွဲဖြစ်ခဲ့တာရှိတယ်။ စစ်သားတွေက ရွာထဲမှာနေတာတွေ ရှိတယ်။ ငပလီက စစ်သားတွေ။ ဒီနေ့ လက်နက်ကြီးမကျခင် တိုက်ပွဲအရင်ဖြစ်တယ်။ တိုက်ပွဲဖြစ်ပြီး ဘားတောင် စစ်တပ်က  လက်နက်ကြီးနဲ့ပစ်တော့ လင်းသီမှာကျပြီး စစ်သား ၅ ဦး၊ အရပ်သား တစ်ဦး ဒဏ်ရာရသွားတယ်” ဟု ၎င်းက ဆိုသည်။

သံတွဲမြို့နယ်၊ မြုံပြင်ဂိတ်အနီး  ဘားတောင် တောင်ပေါ်တွင်တပ်စွဲထားသည့် စစ်ကောင်စီဗျူဟာမှ လက်နက်ကြီးဖြင့် အတွဲလိုက်ဒုံးကျည်များ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဒဏ်ရာရရှိသည့်စစ်သားများမှာ ရွှေလှေတိုက်နယ် လင်းသီကျေးရွာတွင် တပ်စွဲထားသည့် ငပလီတပ်ရင်း ခမရ (၅၅) နှင့် ( ၅၅၆) မှ စစ်ကောင်စီတပ်သားများ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ကျည်ထိမှန်ဒဏ်ရာရရှိသူ အရပ်သားမှာ လင်းသီကျေးရွာမှ အသက် (၄၅) နှစ်ဝန်းကျင်ရှိ ဦးငကျိ ဆိုသူဖြစ်ပြီး ပေါင်တွင်ကျည်ရှပ်ထိ ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“လင်းသီရွာက ငကျိဆိုတဲ့သူမှာ ပေါင်ကိုကျည်ရှပ်ပြီး ထိသွားပါတယ်။ တိုက်ပွဲက ဆယ်မိုင်လမ်းခွဲကနေ ရေအားလျှပ်စစ် တမံတွေဆီသွားတဲ့လမ်းမှာ ဖြစ်ကြတာ။ လက်နက်ကြီးထိတဲ့ စစ်သား ၅ ယောက်ကတော့ သေ/ မသေ တော့မသိရဘူး။ တိုက်ပွဲဖြစ်တော့ အချင်းချင်းပစ်ကူပေးနေတာ။ အဲဒီမှာ လာထိတာ” ဟု အဆိုပါဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သား အကျအဆုံးများပြီး ထိခိုက်ဒဏ်ရာရရှိသူများ ရှိနေသည်ဟု ဒေသအတွင်း သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

တိုက်ပွဲအတွင်း ပစ်ခတ်သည့် လက်နက်ကြီးကျည်စများမှာ လင်းသီကျေးရွာနှင့် ပေါက်တောကျေးရွာများမှ နေအိမ်များကို ထိမှန်ခဲ့သည်ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

“ရွှေလှေတံတားဦးနားမှာရှိတဲ့ လင်းသီရွာက အိမ်တွေကို ကျည်တွေလာထိတာရှိတယ်။ ပေါက်တော ကျေးရွာက အိမ်တစ်လုံးမှာလည်း ကျည်စလေးတွေကျပြီး အိမ်ခေါင်မိုးတွေ ပေါက်သွားတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် မေလ ၆ ရက်နေ့ နေ့လယ်ခန့်က သံတွဲမြို့နယ်၊ ဘားတောင်း တောင်ပေါ်တွင် တပ်စွဲထားသော ဗျူဟာကုန်းပေါ်မှ တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် ရွှေလှေတိုက်နယ်ဘက်သို့ လက်နက်ကြီးကျည်များ အတွဲလိုက်ဒုံးကျည်များဖြင့် ပစ်ခတ်နေစဥ် ကျည်တစ်လုံးသည် လက်နက်ကြီးပစ်စင်မှ မထွက်ဘဲ ပေါက်ကွဲ ခဲ့သဖြင့် စစ်သား ၄၀ ခန့် သေဆုံးခဲ့ပြီး ၇ ဦး ဒဏ်ရာရရှိကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here