“အခုလို တော်လှန်ရေးကာလမှာ ပြည်သူလူထုအနေနဲ့ လုံခြုံရေး၊ ငွေကြေးဖောင်းပွမှု၊ ဆင်းရဲတွင်းနက်လာမှု တွေကြောင့် သော်လည်းကောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမမီနိုင်တော့ပါဘူး။ ဒါကြောင့် မိခင်သေဆုံးမှု၊ ကလေးသေဆုံးမှုတွေ၊ အာဟာချို့တဲ့မှုဟာလဲ ကျမတို့ရဲ့ ကြီးမားတဲ့စိန်ခေါ်မှု ဖြစ်လာနေပါတယ်” ဒေါက်တာရှာရွန်ပါရ် – ချင်းပြည်အစိုးရ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး

0
74
ပုံစာ - ချင်းပြည်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာရှာရွန်ပါရ်

ချင်းပြည်အစိုးရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံကိန်းအတွင်း ဆောင်ရွက်မှု၊ ကျန်းမာရေးကဏ္ဍ၏ အခက်အခဲ၊ စိန်ခေါ်မှုများ အပါအဝင် အစီအမံများထားရှိမှု အခြေအနေများနှင့် ပတ်သက်ပြီး ချင်းပြည် အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာရှာရွန်ပါရ်နှင့် ဆက်သွယ်မေးမြန်းချက်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီး ၃ နှစ်အကြာမှာ ချင်းလဲန်းကောင်စီက ချင်းပြည်အစိုးရကို စတင်ဖွဲ့စည်း နိုင်ခဲ့သည်မှာ ယခုအပတ်ထဲ၌ ရက်ပေါင်း ၁၀၀ ပြည့်လာတော့မည်ဖြစ်သည်။ ချင်းပြည်အစိုးရကို ဝန်ကြီးဌာန ၁၅ ခုနှင့် ဖွဲ့စည်းထားပြီး စတင်ဖွဲ့စည်းချိန်မှာ ကျန်းမာရေးကဏ္ဍအပါအဝင် ပညာရေး၊ လူသားစာနာထောက်ထားရေး နှင့် ပြန်လည်ထူထောင်ရေး၊ CDM ဝန်ထမ်းများအရေး စသည့် ကိစ္စရပ်များကို “ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်” လို့ ထုတ်ပြန်ခဲ့ပါသည်။

ထိုကြောင့် ချင်ပြည်အစိုးရအဖွဲ့ဝင် ဝန်ကြီးဌာနတစ်ခုဖြစ်သည့် ချင်းပြည်အစိုးရ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံကိန်းအတွင်း ဆောင်ရွက်မှု၊ ချင်းပြည်ကျန်းမာရေးကဏ္ဍ၏ အခက်အခဲ၊ စိန်ခေါ်မှုများ အပါအဝင် အစီအမံများထားရှိမှု အခြေအနေများနှင့် ပတ်သက်ပြီး ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဒေါက်တာရှာရွန်ပါရ်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဝန်ကြီးတို့ ကျန်းမာရေးနဲ့ အားကစာဝန်ကြီးဌာနက ရက် ၁၀၀ စီမံကိန်းအတွင်းမှာ ဘာတွေဆောင်ရွက် နေပါလဲခင်ဗျာ။

ဖြေ။ ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ ရက် ၁၀၀ အတွင်းမှာ ချင်းပြည်အစိုးရအတွင်း ရှိနေတဲ့ ဧရိယာအသီးသီးရဲ့ ဒေသဆိုင်ရာအချက်အလက်တွေ ကောက်ယူခြင်း၊ ချင်းပြည်အတွင်းမှာရှိတဲ့ NGOs, CBOs/CSOs များနဲ့ တွေ့ဆုံခြင်း၊ နယ်မြေများသို့ ကွင်းဆင်းခြင်း၊ အလှူရှင်များ၊ မိတ်ဘက်အစိုးရများနှင့် တွေ့ဆုံခြင်းများ ပြုလုပ်ခဲ့ပါတယ်။

မေး။ ။ ချင်းပြည်နယ်ရဲ့ လက်ရှိကျန်းမာရေးကဏ္ဍဟာ ဘယ်လိုအခြေအနေတွေမှာ ရှိနေပါလဲ။

ဖြေ။ ။ လက်ရှိမှာတော့ အရေးပေါ်အခြေနေ ဖြစ်နေသေးတဲ့အပြင် တော်လှန်ရေးကာလ (၃) နှစ် ပြည့်လာပြီးတဲ့နောက်မှာ ရေရှည်အတွက် စဉ်းစားရမယ့် အခြေအနေ ဖြစ်နေပါတယ်။

မေး။ ။ လက်ရှိချင်းပြည်နယ်မှာ ဘယ်လိုရောဂါတွေက အဖြစ်များဆုံးပါလဲ၊ ဘယ်လိုကြောင့် အဲဒီလို ဖြစ်ရတာပါလဲ။

ဖြေ။ ။ အာဏာသိမ်းပြီးတဲ့ ပထမဆုံးနှစ်မှာပဲ ကိုဗစ်ဒုတိယလှိုင်းကြောင့် မသေသင့်ဘဲ သေခဲ့ရတဲ့ပြည်သူတွေ မနည်းမနောရှိတာတော့ သိကြပြီးဖြစ်မှာပါ။ အဲဒီနောက်ပိုင်းမှာ ကူးစက်ရောဂါတွေဖြစ်တဲ့ ငှက်ဖျား၊ တီဘီရောဂါ တွေဟာ ကလေးကာကွယ်ဆေးနဲ့ ဆက်စပ်ဆေးတွေ မရနိုင်တဲ့အတွက် ကူးစက်ရောဂါ ပျံ့ပွားမှုတွေ အများကြီး တိုးလာပါတယ်။ ဒါ့အပြင် မကူးစက်နိုင်ပေမယ့် စဉ်ဆက်မပြတ် ဆေးကုသမှုလိုအပ်တဲ့ သွေးတိုး၊ ဆီးချိုရောဂါ၊ စိတ်ကျန်းမာရေးနဲ့ဆိုင်တဲ့ ရောဂါတွေလဲ ဖြစ်ပွားမှုတွေ တွေ့နေရတာ များပါတယ်။ ကျမတို့လက်လှမ်းမမီတဲ့ နေရာမှာ ရောဂါပျံ့ပွားမှုတွေကို မသိနိုင်တာတွေ ရှိနေပါသေးတယ်။

မေး။ ။ ချင်းပြည်နယ်မှာ တော်လှန်ရေးကာလ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဝန်ဆောင်မှုတွေမှာ ဘာတွေက အရေးတကြီး လိုအပ်နေပါလဲခင်ဗျာ။

ဖြေ။ ။ အခုအချိန်မှာအလိုအပ်ဆုံးကတော့ ပထမဆုံးအနေနဲ့ အုပ်ချုပ်ရေးယန္တရား လိုအပ်နေပါတယ်။ ဒါကြောင့်လဲ ချင်းပြည်သူများ၊ ဒေသအသီးသီးက အုပ်ချုပ်ရေးများ၊ ရွေးကောက်ခံခဲ့ရတဲ့ လွှတ်တော် ကိုယ်စားလှယ်များ၊ လက်နက်ကိုင် တော်လှန်နေတဲ့အဖွဲ့များ ပေါင်းပြီး ချင်းပြည် (Chinland) ကောင်စီကနေ ချင်းပြည်အစိုးရကို ဖွဲ့စည်းခဲ့ရခြင်း ဖြစ်ပါတယ်။ ဒုတိယလိုအပ်ချက်ကတော့ ကျန်းမာရေးလုပ်သားအရင်းအမြစ် ဖြစ်ပါတယ်။ အရင်ကတည်းက ချင်းပြည်က ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် အလိုအပ်ဆုံးနေရာ ဖြစ်ခဲ့ပါတယ်။ အခု အစိုးရမပေါ်ခင်မှာတော့ CDM ဝင် ကျန်းမာရေးဝန်ထမ်းများက တတ်နိုင်သလောက် ကိုယ်ရှိတဲ့ နေရာမှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေခဲ့ကြတာ ဖြစ်တယ်။ အခု ချင်းပြည်အစိုးရအနေနဲ့လည်း ကျန်းမာရေး ဝန်ထမ်းတွေ အများကြီး ထပ်လိုဦးမှာဖြစ်တဲ့အတွက် ဝန်ထမ်းခေါ်ယူပြီး နေရာချထား ခန့်အပ်သွားမှာ ဖြစ်ပါတယ်။

တတိယလိုအပ်ချက်အနေနဲ့ ဆေးနဲ့ဆေးပစ္စည်း၊ အဆောက်အဦးနှင့် ဆက်သွယ်ရေးတွေပါ။ အခု ကုန်ဈေးနှုန်းက အရင်ကထက် ၃ ဆ လောက် တက်သွားပြီဖြစ်တယ်။ ၃ နှစ်အတွင်းမှာ စကစ က လေကြောင်းနဲ့ အခြားလက်နက် များကြောင့် ဖြစ်ဖြစ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့ ကျန်းမာရေး အဆောက်အဦး တွေ မနည်းပါဘူး။ ဒါတွေကိုအသုံးပြုနိုင်ဖို့ ပြန်လည်ပြုပြင်မွမ်းမံဖို့၊ လုံခြုံတဲ့နေရာမှာ အသစ်ဆောက်ဖို့တွေလဲ လိုအပ်ပါတယ်။ ပြီးတော့ အခုအချိန်မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းမရတာကြောင့် ကျန်းမာရေး သတင်းအချက်အလက်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုမှာ အခက်အခဲတွေ အများကြီး ကြုံနေရပါတယ်။ အခု ချင်းပြည်အစိုးရ ဖွဲ့စည်း လိုက်ခြင်းအားဖြင့် လိုအပ်တဲ့နေရာမှာ ပေါင်းစည်းအားနဲ့ လုပ်ငန်းများ ဆောင်ရွက်သွားနိုင်ဖို့ ရည်မှန်းပါတယ်။

မေး။ ။ ချင်းပြည်နယ်မှာ တော်လှန်ရေးကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဝန်ဆောင်မှုကို လက်လှမ်းမမီတဲ့ ပြည်သူတွေ ဘယ်လောက်ရာခိုင်နှုန်းလောက်ရှိပါလဲခင်ဗျာ။ သူတို့အခြေအနေတွေနဲ့ နောက်ဆက်တွဲအကျိုးဆက်ကိုလည်း ပြောပေးပါဦးခင်ဗျာ။

ဖြေ။ ။ တော်လှန်ရေးကာလမှာ ကျန်းမာရေးလက်လှမ်းမမီနိုင်တာတွေ အများကြီးရှိပါတယ်။ ရာခိုင်နှုန်းနဲ့ အတိကျ ပြောဖို့ ခက်ပါတယ်။ ရောဂါဖြစ်ပွားမှုမှာ ကာကွယ်လို့ရတဲ့ရောဂါရှိသလို ကာကွယ်လို့မရတဲ့ ရောဂါဆိုပြီး ရှိပါတယ်။ ချင်းပြည်နယ်မှာ ဖြစ်ပွားနေတဲ့ရောဂါတွေမှာ ကာကွယ်လို့ရတဲ့ရောဂါက များပါတယ်။ ဥပမာ မိခင်တစ်ဦးမီးဖွားပြီး သေဆုံးမှုက ကာကွယ်လို့လည်းရသလို ကုသလို့လည်းရပါတယ်။ တီဘီရောဂါဆိုရင်လည်း တစ်ဦးကနေတစ်ဦး မကူးစက်အောင် ကာကွယ်လို့ရသလို ကုသလို့လည်းရတဲ့ရောဂါ ဖြစ်ပါတယ်။

အဲလိုပဲ ဝက်သက်ရောဂါ၊ ငှက်ဖျားရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါတွေရော ဖြစ်ပါတယ်။ နောက်တခုက ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါတို့က ဖြစ်ပြီးသွားရင် သူ့ကြောင့်ဖြစ်လာမယ့် အကျိုးဆက်တွေကို ကာကွယ် ထိန်းချုပ်လို့ရပါတယ်။ အခုအချိန်မှာတော့ ချင်းပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီခြင်း ကြောင့် အထက်မှာပြောခဲ့တဲ့ ကာကွယ်လို့ရတဲ့ ရောဂါတွေကြောင့် မဖြစ်သင့်ဘဲဖြစ်တာ၊ မသေသင့်ဘဲ သေရတာမျိုးတွေ အရင်ကထက် အများကြီး ပိုဖြစ်နေတာ တွေ့ရပါတယ်။

မေး။ ။ ချင်းပြည်ကပြည်သူတွေ တော်လှန်ရေးကာလမှာ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာရရှိဖို့ ဘာတွေလိုအပ်နေပါလဲ။ ဘယ်လိုအခက်အခဲနဲ့ စိန်ခေါ်မှုတွေ ရှိပါလဲခင်ဗျာ။

ဖြေ။ ။ အခက်ခဲတွေကတော့ အများကြီးပါပဲ။ ဒီအထဲမှာ ကျမတို့အားသာချက်ကို အရင်ပြောပါရစေ။ ကျမတို့ရဲ့ အားသာချက်ကတော့ ပြည်တွင်းပြည်ပက ကျမတို့ပြည်သူတွေရဲ့ ထောက်ပံ့မှု၊ ထောက်ခံမှုတွေ ရထားတာပါပဲ။ သူတို့ရဲ့အင်အားနဲ့ ကျမတို့မျှော်မှန်းတာထက်ပိုပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနေနိုင်ပါတယ်။ ဒါပေမယ့် စိန်ခေါ်မှုနဲ့ အခက်အခဲတွေကတော့ ရှိနေပါတယ်။ ဒါတွေကတော့ အပေါ်မှာပြောခဲ့သလိုပဲ အုပ်ချုပ်ရေးယန္တရား၊ ကျန်းမာရေးလုပ်သား အရင်းအမြစ်၊ ဆေးနှင့် ဆေးပစ္စည်း၊ အဆောက်အဦးနဲ့ ဆက်သွယ်ရေးတွေပါပဲ။ ဒီအပြင် အရင်ကတည်းက ချင်းပြည်က အဆင်းရဲဆုံးပြည်နယ် ဖြစ်တယ်။

ကျန်းမာရေးဘက်မှာဆိုရင်လဲ မိခင်သေဆုံးမှု အများဆုံး၊ ၅ နှစ်အောက် ကလေးသေဆုံးမှု တတိယအများဆုံးနဲ့ နာတာရှည်အာဟာရချို့တဲ့နှုန်း (ပုညက်မှုနှုန်း) အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ ဝန်ထမ်းဆိုရင်လဲ အများအားဖြင့် ချင်းပြည်ပြင်ပကို အမြဲအားကိုးခဲ့ရတယ်။ အခုလို တော်လှန်ရေးကာလမှာ ပြည်သူလူထုအနေနဲ့ လုံခြုံရေး၊ ငွေကြေးဖောင်းပွမှု၊ ဆင်းရဲတွင်းနက်လာမှုတွေကြောင့် သော်လည်းကောင်း ကျန်းမာရေး စောင့်ရှောက်မှုကို လက်လှမ်းမမီနိုင်တော့ပါဘူး။ ဒါကြောင့် မိခင်သေဆုံးမှု၊ ကလေးသေဆုံးမှုတွေ၊ အာဟာချို့တဲ့မှုဟာလဲ ကျမတို့ရဲ့ ကြီးမားတဲ့စိန်ခေါ်မှု ဖြစ်လာနေပါတယ်။ နောက်တစ်ခုက ကျန်းမာရေးဆိုင်ရာရန်ပုံငွေ ရှားပါးခက်ခဲတာကလဲ အရေးကြီးတဲ့ စိန်ခေါ်မှု ဖြစ်ပါတယ်။ စကစရဲ့ ဆေးနှင့် ဆေးပစ္စည်း သယ်ယူပို့ဆောင်မှုတွေ ပိတ်ဆို့ဖမ်းဆီး တင်းကြပ်တာတွေကလဲ ကြီးမားတဲ့စိန်ခေါ်မှု ဖြစ်ပါတယ်။

မေး။ ။ ချင်းပြည်နယ်က ချင်းပြည်သူတွေအတွက် ဆရာမတို့ရဲ့ ကျန်းမာရေးအစီအမံတွေ ချထားတာရှိပြီးဆိုရင်လည်း ပြောပြပါဦးခင်ဗျာ။

ဖြေ။ ။ ဒေသခံတွေရဲ့ အခြေခံအချက်အလက်ကောက်တာတွေ ပြီးစီးပြီဆိုတာနဲ့ ချင်းပြည်အတွက် အကောင်းဆုံးဖြစ်မယ့် ကျန်းမာရေးမူဝါဒ ချမှတ်နိုင်ဖို့ တတ်သိပညာရှင်များ၊ ဒေသအုပ်ချုပ်ရေး အဖွဲ့များ၊ ကျန်းမာရေး တာဝန်ခံများ၊ ချင်းပြည်အစိုးရ အဖွဲ့ဝင်များနဲ့ အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်သွားပါ့မယ်။ ပြီးတော့ အဲဒီအလုပ်ရုံဆွေးနွေးပွဲ ရလဒ်အပေါ်မူတည်ပြီး ကျန်းမာရေးစီမံချက်များ ရေးဆွဲအကောင်ထည်ဖော် သွားမှာဖြစ်ပါတယ်။

မေး။ ။ ဖြည့်စွက်ပြောဖို့ လိုအပ်တာတွေရှိရင်လည်း ပြောပေးပါဦးခင်ဗျာ။

ဖြေ။ ။ အာဏာသိမ်းပြီးတဲ့နောက်မှာ နေရာဒေသအသီးသီးမှာ ပြည်တွင်းပြည်ပရဲ့ အကူအညီတွေနဲ့ တတ်နိုင်သလောက် ကျန်းမာရေးစောင့်ရှောက်မှုတော့ လုပ်နေကြပါတယ်။ ဒါပေမယ့် အစိုးရမရှိသေးတဲ့ အခါကြတော့ တယောက်တပေါက် ဖြစ်နေတာပေါ့နော်။ ကျန်းမာရေးဝန်ထမ်းတွေ မရှိတဲ့နေရာမှာ ရမ်းကုတွေ ကြိုက်သလို နေရာယူလာကြတယ်။ အစားအသောက်နဲ့ ဆေးဝါးရောင်းဝယ်မှုတွေလဲ အဆင်ပြေသလိုပဲ လုပ်နေကြတဲ့အခါ ထိခိုက်လာတာက ကျမတို့ပြည်သူတွေပဲ ဖြစ်ပါတယ်။

အခုလို ချင်းပြည်အစိုးရ ဖွဲ့စည်းလိုက်တဲ့ အခါကြတော့ ချင်းပြည်တစ်ခုလုံးမှာ ကျန်းမာရေးစောင့်ရှောက်မှုကို စနစ်တကျနဲ့ သာတူညီမျှ လွှမ်းခြုံနိုင်ဖို့၊ ချင်းပြည်နဲ့ကိုက်ညီတဲ့ ကျန်းမာရေးမူဝါဒ ရေးဆွဲပြီး ပိုလိုတဲ့သူကို ပိုပေးတဲ့စနစ်မျိုး ဖြစ်လာဖို့၊ ဝန်ထမ်းကိုလဲ သေချာရွေးချယ် ခန့်ထားနိုင်ဖို့၊ ပြည်သူတွေအားလုံး ကျန်းမာရေးကို လက်လှမ်းမီနိုင်ဖို့ ၊ ချင်းပြည်အတွင်းက အင်အားစုနဲ့ ကျွမ်းကျင်ပြီး အရည်အချင်းပြည့်မီတဲ့ ကျန်းမာရေး အရင်းအမြစ်တွေ မွေးထုတ်လာနိုင်ဖို့တွေကို ချင်းပြည်အစိုးရအနေနဲ့ ဆောင်ရွက်သွားနိုင်ဖို့ ရည်မှန်းပါတယ်။

ဒါကြောင့် ပြည်တွင်းပြည်ပက ချင်းညီအကို မောင်နှမများနဲ့ မြန်မာပြည်သူပြည်သားများ အနေနဲ့လည်း ချင်းပြည်အစိုးရကို ဆုတောင်းခြင်းအားဖြင့် သော်လည်းကောင်း၊ အကြံဉာဏ်များပေးခြင်းဖြင့် သော်လည်းကောင်း၊ ငွေအားလူအားဖြင့် သော်လည်းကောင်း၊ ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို ဆက်သွယ်လိုပါက [email protected], [email protected], Facebook: Ministry of Health And Sports, Chinland Government သို့ ချိတ်ဆက်နိုင်ပါတယ်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here