မိုးမောက်နှင့် မံစီမြို့တို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်စခန်းတချို့ KIA ထပ်မံသိမ်းပိုက်

0
54
ပုံစာ - ရှေ့တန်းတနေရာမှာ မြင်တွေ့ရသော KIA နှင့် PDF ပူးပေါင်းတပ်များ။

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက်နှင့် မံစီမြို့တို့တွင် မြို့တွင်းတိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဘက်က မြို့တွင်းနေရာများကို ထိန်းချုပ်ထားနိုင်ပြီး ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်စခန်းတချို့ကို ဆက်လက်သိမ်းပိုက်နိုင်ရန်အတွက် တိုက်ပွဲဆက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

မိုးမောက်မြို့တွင်းတိုက်ပွဲ၌ KIA ပူးပေါင်းတပ်က မြို့တွင်းရပ်ကွက်ထဲ နေရာယူတပ်ချထားသော စစ်ကောင်စီ တပ်သားများကို မေလ ၈ ရက်နေ့ကတည်းက ရှင်းလင်းလိုက်နိုင်ပြီးနောက် လက်ရှိတွင် မြို့တွင်းတပ်ဖြစ်သည့် ခမရ ၄၃၇ တပ်ရင်း၌ စစ်ကောင်စီတပ်သားများ ကျန်ရှိနေသေးတာကြောင့် တိုက်ပွဲဆက်ပြင်းထန်နေသည်ဟု KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

“မိုးမောက်က မြို့တွင်းမှာရှိတဲ့ စစ်သားတွေကိုတော့ ရှင်းလင်းနိုင်သလောက် ရှိသွားပြီ။ အခုက ၄၃၇ တပ်ရင်း ထဲမှာ ရှိနေသေးတာကြောင့် တိုက်ပွဲက ရပ်မသွားဘူး၊ ဆက်ဖြစ်နေသေးတယ်။ ဒီမနက် (မေလ ၉ ရက်) က ကြံခင်းရှိတဲ့ဘက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်” ဟု ၎င်းက ပြောပါသည်။

စစ်ကောင်စီတပ်သားများက ပြီးခဲ့သည့် ဧပြီလကတည်းက မိုးမောက်မြို့တွင်းရပ်ကွက်ရှိ လူနေအိမ်တချို့နှင့် စာသင်ကျောင်း၊ ဘုရားကျောင်းဝင်းများတွင် လက်နက်ကြီးများဖြင့် အထိုင်ချ နေရာယူထားတာကြောင့် KIA ပူးပေါင်းတပ်များက ရှင်းလင်းနေခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိ၌ မြို့တွင်းနေရာယူထားသော စစ်ကောင်စီတပ်သားများကို ရှင်းလင်းလိုက်နိုင်ပြီး ကျန်ရှိနေသေးသည့် ခမရ ၄၃၇ တပ်ရင်းကို သိမ်းပိုက်နိုင်ရန်အတွက် ၃ ရက်ကြာသည့်အထိ တိုက်ပွဲဆက် ဖြစ်နေခြင်း ဖြစ်သည်။

အလားတူ မြို့တွင်း၌ တိုက်ပွဲဖြစ်ပွားနေသော မံစီမြို့တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်၏ ကာကင်းတပ်စခန်း အကြီးဖြစ်သော ဝလောင်လ (Walawng La) တပ်စခန်းကို KIA က သိမ်းပိုက်ထားနိုင်ပြီး မေလ ၉ ရက်နေ့ မနက်ပိုင်းတွင် တပ်စခန်းတစ်ခုလုံး ရှင်းလင်းရေးဆောင်ရွက်လိုက်နိုင်ပြီဟု KIA ရှေ့တန်းသတင်းအရင်းအမြစ်က ပြောဆိုသည်။

“မံစီက မြို့ပြင်အနီးကုန်းက အဓိကအရေးပါတဲ့ ကာကင်းတပ်စခန်းကြီးကို သိမ်းပိုက်ထားပြီ။ သိမ်းပိုက်ထားနိုင် လို့ ဒီကနေ့ (မေလ ၉ ရက်) မနက်က ရှင်းလင်းရေး လုပ်ဆောင်နေတယ်။ အခုက တပ်စခန်းအကြီးတွေဖြစ်တဲ့ ခမရ ၆၀၁ နဲ့ ခမရ ၃၁၉ တပ်စခန်း ၂ ခုကိုတော့ KIA က သွားပစ်တာ မရှိသေးဘူး” ဟု ၎င်းက ပြောသည်။

အခုလို KIA ဘက်က မံစီမြို့ရှိ ဝလောင်လ ကာကင်းတပ်စခန်းအကြီးကို သိမ်းပိုက်လိုက်တာကြောင့် စစ်ကောင်စီဘက်ကနေ စစ်လေယာဉ် ၂ စီးနှင့် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆိုသည်။

မိုးမောက်မြို့နှင့် မံစီမြို့ ၂ ခုစလုံးသည် ကချင်ပြည်နယ်ရှိ အကြီးဆုံးမြို့တွင်းတိုက်ပွဲများ ဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတို့၏ လူနေအိမ် ထိခိုက်ပျက်စီးတာ ဒေသခံပြည်သူတချို့ ပိတ်မိနေတာလည်း ရှိနေကြောင်း သိရသည်။

ထိုအခြေအနေနှင့် ပတ်သက်ပြီး စုံစမ်းမေးမြန်းရန် စစ်ကောင်စီဘက်က ဖုန်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားတာကြောင့် မြေပြင်အခြေနေ အသေးစိတ်ကို သိရှိရန် ခက်ခဲနေဆဲ ဖြစ်ပါသည်။

လက်ရှိဖြစ်ပွားနေသော မြို့တွင်းတိုက်ပွဲသည် ဗန်းမောက်မြို့ပေါ်ဘက်ကို ဦးတည်လာနေပြီး ဗန်းမော်မြို့နှင့် ၄ မိုင် အကွာသို့ တိုက်ပွဲရောက်ရှိလာတာကြောင့် ဗန်းမော်မြို့ထဲ ကျန်ရှိနေသေးသော ဗန်မော်ဒေသခံများမှာ မေလ ၉ ရက်နေ့ မှစ၍ ရရာနည်းလမ်းနှင့် ထွက်ပြေးတိမ်းရှောင်နေကြပြီဟု ဗန်းမော်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“စစ်တပ်က တိုက်ပွဲဖြစ်ပွားနေတဲ့ဘက်ကို အမြှောက်လက်နက်ကြီးတွေ မရပ်မနားပစ်နေတာ ခုတိုက်ပွဲ ဖြစ်တာကလည်း ဗန်းမော်နဲ့ ၄ မိုင်လောက် အကွာမှာပဲ ဖြစ်နေကြပြီ။ ကျနော်တို့ ပြည်သူတွေ အချင်းအချင်းတောင် မတွေ့ဖြစ်ကြတော့ဘူး။ တောလမ်းနဲ့ ရရာအကုန်ထွက်ပြေးကြကုန်ပြီ” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်ဘက်က တိုက်ပွဲများဖြစ်ပွားနေသော မိုးမောက်နဲ့ မံစီမြို့ဘက်ကို ဗန်းမောက်မြို့တွင်းတပ်ကနေ အမြှောက်လက်နက်ကြီးများနှင့် နေ့ညမပြတ် စစ်ကူပစ်ခတ်ပေးနေသည်မှာ တစ်ပတ်လောက်ကြာမြင့်လာပြီလို့ ဗန်းမော်ဒေသခံများက ပြောဆိုကြသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here