ကျိုက်ထိုနယ်မြေရဲစခန်းမှ နယ်ထိန်းနှင့်ယာဥ်ထိန်းရဲ ၂ ဦးကို PDF နှင့်ဆက်စပ်သည်ဆိုပြီး စစ်ကောင်စီဖမ်းဆီး

0
37

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုနယ်မြေရဲစခန်းမှ နယ်ထိန်းရဲတပ်ဖွဲ့နှင့် ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင် ၂ ဦးအား စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်အချို့နှင့် အဆက်အစပ် ရှိသည်ဟုဆိုပြီး မေလ ၅ ရက်နေ့က ဖမ်းဆီးသွားကြောင်း ရဲစခန်းနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်များထံက သိရသည်။

ကျိုက်ထိုနယ်မြေရဲစခန်းဝင်းအတွင်းရှိ ထိုရဲတပ်ဖွဲ့ဝင် ၂ ဦးလုံးကို စစ်ကောင်စီက မေလ ၅ ရက်နေ့ ညနေပိုင်းက PDF နှင့် ဆက်စပ်သည်ဟုဆိုကာ ရုတ်တရတ်ဝင်ရောက် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းနှင့် လက်ရှိတွင် ၎င်းတို့ ၂ ဦးကို စစ်ကြောရေးသို့ ပို့ဆောင်ထိန်းသိမ်းထားသည်ဟု ရဲစခန်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“အခုတော့ စစ်ကြောရေး ပို့ထားတယ်။ သူတို့ဖုန်းထဲမှာ PDF တွေနဲ့ တွဲရိုက်ထားတဲ့ ပုံတွေလည်း တွေ့သွားတယ်လို့ ပြောတယ်။ ရဲစခန်းထဲမှာ လာစစ်ပြီး ဖမ်းသွားတာ။ နောက်ပြီး ထပ်ဖမ်းဖို့ ရှိသေးတယ်လို့လည်း စစ်သားတွေက ပြောသေးတယ်” ၎င်းက ပြောသည်။

ထိုရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးထိန်းသိမ်းခံရပြီး နောက်ဆက်တွဲ အသေးစိတ်ကို သက်ဆိုင်ရာနယ်မြေ သတင်းအရင်းအမြစ်များထံ ဆက်သွယ်စုံစမ်းနေသလို အမှုနှင့်ပတ်သက်၍လည်း စစ်ကောင်စီဘက်မှ တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပါ။

မွန်ပြည်နယ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း လုံခြုံရေး အကြောင်းပြ၍ စစ်ကောင်စီက အများပြည်သူပိုင်လမ်းများတွင် စစ်ဆေးရေး လုပ်ဆောင်ရုံသာမက ထောက်ပို့မှု၊ လူမူကွန်ရက်စာမျက်နှာမှတဆင့် နိုင်ငံရေး တက်ကြွလှုပ်ရှားမှု၊ တော်လှန်ရေးအင်အားစုများနှင့် ဆက်နွယ်မှုတို့ဖြင့် စွပ်စွဲဖမ်းဆီးခံရသူ အများအပြားလည်း ရှိနေသဖြင့် အသွားအလာ သတိထားနေရကြောင်း ဒေသခံများက ပြောဆိုသည်။

ထို့အတူ ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်နေ့ ကလည်း PDF သင်တန်းတက်ရန် ရောက်ရှိနေသည်ဟုဆိုပြီး အမျိုးသမီး (၁) ဦးနှင့် အမျိုးသား (၃) ဦးအား စစ်ကောင်စီက ဖမ်းဆီးခဲ့သလို အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မဖြင့် အမှုဖွင့်လှစ် အရေးယူခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

၂၀၂၃ ခုနှစ် အတွင်း မွန်ပြည်နယ်ရှိ မြို့နယ်အချို့တို့တွင် PDF နှင့် ဆက်စပ်သဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခံလိုက်ရသူ ၂၀၀ နှင့်အထက်တွင်ရှိနေပြီး အများစုမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးပုဒ်မများဖြင့် အမှုဖွင့်ခံထားရသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here