တနင်္သာရီ၊ ကျွန်းစုတွင် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

0
34
Photo - ကျွန်းစုပကဖ

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ် မဲတောကျေးရွာအုပ်စု သဘောင်းတောင်ကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ် ပျူစောထီးခေါင်းဆောင်လည်းဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ပျူစောထီခေါင်းဆောင်လည်းဖြစ်သည့် သဘောင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးကျော်မြင့်ကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေ ၇ ရက်နေ့ မနက် ၈ နာရီခွဲခန့်တွင် ၎င်း၏နေအိမ်သို့ သွားရောက်ဖမ်းဆီးစဉ် ပြန်လည်ခုခံသည့်အတွက် ပစ်ခတ်ရှင်းလင်းခဲ့တာ ဖြစ်သည်ဟု ဆိုသည်။

ယင်းသို့ ပစ်ခတ်ရှင်းလင်းမှုအတွင်း ၉ မမ ပစ္စတို ၁ လက်၊ ကျည် ၂၅ တောင့်၊ လက်ထိပ် ၁ ခု၊ ငွေသား ၃ သိန်း၊ ဖုန်းတစ်လုံး၊ အုပ်ချုပ်ရေးမှူးကတ်ပြား၊ မှတ်ပုံတင်၊ မီးသတ်ကတ်ပြားနှင့် သက်သေခံစာရွက်စာတန်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်သည် လက်နက်ကိုင်ဆောင်ပြီး အရပ်သားပြည်သူများ၏ စီးပွားရေးလုပ်ငန်းများတွင် ငွေကြေးတောင်းခံသလို မူးယစ်ဆေးဝါး ရောင်းဝယ်မှုကိုပါ လုပ်ဆောင်နေသည့်အတွက် ရှင်းလင်းခဲ့ခြင်း ဖြစ်သည်ဟု ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများနှင့် ကျေးရွာတာဝန်ခံ (ရာအိမ်မှူး) များအား စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး စစ်မှုထမ်းစာရင်း ကောက်ယူပေးခြင်း၊ ပြည်သူများကို ခြိမ်းခြောက်ပြီး စစ်မှုထမ်းကြေး ကောက်ခံခြင်း ပုံစံအမျိုးမျိုးဖြင့် အနိုင်ကျင့် ခြိမ်းခြောက်မှုများကို လုံးဝ ရပ်တန့်ကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထားသည်။

ဒေသတွင်း သုတေသနအဖွဲ့ဖြစ်သည့် FE5 Tanintharyi ၏ အချက်အလက်များအရ ယခုနှစ် ပထမ သုံးလအတွင်း စစ်ကောင်စီတပ်နှင့် လက်ဝေခံအဖွဲ့များအပြင် တော်လှန်ရေးအင်အားစုများ၏ သတ်ဖြတ်မှုကြောင့် အရပ်သား ၃၆ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here