မောင်တောတွင် စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ

0
41
Photo - Myanmar Defence Weapons

ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ် မောင်တောမြို့ကို သိမ်းပိုက်ရရှိရေးအတွက် အာရက္ခတပ်တော်က ထိုးစစ်ဆင်နေပြီး စစ်ကောင်စီကလည်း ယခုရက်ပိုင်းအတွင်း စစ်အင်အားအလုံးအရင်း ဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။

မေလ ၇ ရက်က မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း ကညင်ချောင်းစီးပွားရေးဇုန်ဆိပ်ကမ်းကို စစ်ကောင်စီ တပ်သား ရာနှင့်ချီပါသည့် စစ်ရေယာဉ် (Navy) ၃ စီး ဆိုက်ရောက်လာကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်ထံမှ သိရသည်။

“အဝေးကကြည့်တာဆိုတော့ အင်အားဘယ်လောက်ပါလဲ ခန့်မှန်းလို့ မရဘူး။ နေဗီ ၃ စီးလုံးမှာ လူအပြည့်ပါတယ်။ တခြားရိက္ခာတွေ၊ လက်နက်တွေလည်းပါတယ်” ဟု ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

မေလ ၆ ရက်ကလည်း ကညင်ချောင်းဆိပ်ကမ်းကတဆင့် စစ်ကောင်စီတပ်သားအင်အား ၄၀၀ ကျော်နှင့် ရိက္ခာများကို မောင်တောမြို့အတွင်း ဖြည့်တင်းခဲ့ကြောင်း မျက်မြင်ဒေသခံများက ပြောသည်။

ဘူးသီးတောင်ရှိ အကြီးဆုံး တပ်မဌာနချုပ် စကခ (၁၅) ကို AA က သိမ်းပိုက်ပြီးနောက်တွင် စစ်ကောင်စီက မောင်တောတွင် စစ်အင်အား ပိုမိုဖြည့်တင်းလာနေခြင်းဟု ဒေသခံများက ပြောဆိုသည်။

“စစ်ကောင်စီအင်အားတို့းချဲ့တာကို ကျနော်တို့ အဓိကတွေ့ရတာက ဘူးသီးတောင်တပ်မကျပြီး နောက်ပိုင်းမှာပါ။ မောင်တောကို AA မသိမ်းပိုက်ဖို့ အပြင်းအထန် ခံစစ်ဆင်နေတဲ့သဘောဖြစ်တယ်” ဟု နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

လက်ရှိတွင် အာရက္ခတပ်တော် (AA) သည် မောင်တောမြို့ရှိ နခခ (၁) ကျီးကန်းပြင်၊ နခခ (၇) ကြိမ်ချောင်း၊ နခခ (၁၀) လှဖိုးခေါင်နှင့် အခြားတပ်စခန်း အများအပြားကို သိမ်းပိုက်ထားပြီး ကျန်ရှိနေသေးသည့် ၄ မိုင် နခခ (၂) ၊ မြင်းလွှတ်၊ မောရဝတီ နခခ (၄) ၊ မြို့သူကြီး နခခ (၅) နှင့် အလယ်သံကျော်တို့ကို ရရှိရေး ကြိုးပမ်းနေကြောင်း သိရသည်။

နယ်စပ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ မကြာခဏ ထွက်ပြေးနေပြီး ပြန်ဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည်လည်း ကညင်ချောင်းဇုန်အတွင်း၌ နေထိုင်လျက်ရှိရာ၌ AA က ဆက်လက် ထိုးစစ်ဆင်နေပြီး နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေသည်။

“ကညင်ချောင်းစီးပွားရေးဇုန်ဘက်ကနေ စစ်ကောင်စီက ရိက္ခာတွေ၊ လူအင်အားတွေ ဖြည့်တင်းနေလို့ အဲဒီအနီးမှာ AA က ပိတ်ဆို့တိုက်နေတာရှိတယ်။ အဲဒီဘက်မှာ တိုက်ပွဲတွေ တော်တော်ပြင်းတယ်။ စစ်ကောင်စီနေဗီကနေ လက်နက်ကြီးအပြင် စခန်းတွေကလည်း လက်နက်ကြီးပစ်ကူတွေ ပေးနေတယ်” ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ရခိုင်ပြည်မြောက်ပိုင်းရှိ မြို့နယ်များအားလုံးနီးပါးကို AA က သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျန် ၃ မြို့နယ်ထဲမှ မောင်တောနှင့် ဘူးသီးတောင် တိုက်ပွဲတွင်လည်း စစ်ကောင်စီ၏ စစ်ရေးရလဒ်မှာ အနုတ်လက္ခဏာ ပြနေသည်ဟု ဆိုသည်။

ရခိုင်စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက “ရခိုင်မှာဆိုရင် ဘူးသီးတောင်၊ မောင်တောက စစ်ကောင်စီတပ်ရင်းတွေ အများကြီး ရှိတဲ့နေရာ။ အဲဒီနှစ်မြို့ကျသွားရင် စစ်တွေကို အလိုအလျောက် ခြိမ်းခြောက်ပြီးသား ဖြစ်သွားပြီ။ ဒါကြောင့် မောင်တော၊ ဘူးသီးတောင်ကို ဆက်တိုက်အင်အားတွေ ဖြည့်တင်းနေတာ။ နောက်ပြီး ဒီဒေသတွေ ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားကုန်သွယ်မှု အကျိုးအမြတ်လည်း ရှိသေးတာကိုး” ဟု ပြောသည်။

စစ်ကောင်စီသည် ရခိုင်တောင်ပိုင်း သံတွဲတိုက်ပွဲအတွက်လည်း ဂွနှင့် ဧရာဝတီဘက်က စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ဂွမြို့နယ်မှ တဆင့် စစ်အင်အား ဖြည်တင်းနေကြောင်း ဒေသခံများက ပြောသည်။

ရခိုင်တစ်ပြည်လုံးကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်ရေးအတွက် အပြင်းထန်ဆုံး ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားပြီး မြေပြင်တွင်လည်း အမှန်တကယ် လုပ်ဆောင်ပြလျက် ရှိနေသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here