တနင်္သာရီတွင် စစ်ကောင်စီတပ်ကြပ်ကြီးနှစ်ဦး တောင်ပိုင်းညီနောင်စစ်ကြောင်းထံ လက်နက်နှင့်အလင်းဝင်

0
38
Photo - SBA

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် အောက်ကင်းကျေးရွာအခြေစိုက် စစ်ကောင်စီတပ်၏ တပ်ကြပ်ကြီးစာရေး နှစ်ဦးသည် တောင်ပိုင်းညီနောင်စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေနှင့်အတူ အလင်းဝင်လာကြောင်း သိရသည်။

အောက်ကင်းကျေးရွာအခြေစိုက် စစ်ကောင်စီတပ် အမှတ် ၅၅၇ ခြေမြန်တပ်ရင်းမှ တပ်ကြပ်ကြီးစာရေးအဆင့်ရှိ ကိုကိုထွေးနှင့် မြတ်စိုးဦး တို့နှစ်ဦးသည် ပြီးခဲ့သည့် ဧပြီ ၂၈ ရက်နေ့က တောင်ပိုင်းညီနောင်စစ်ကြောင်းထံ အလင်းဝင်ခဲ့တာ ဖြစ်သည်ဟု ထိုစစ်ကြောင်း၏ ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်

အလင်းဝင်လာသူ တပ်ကြပ်နှစ်ဦးဟာ စစ်အာဏာသိမ်းကတည်းက အလင်းဝင်ဖို့ စီစဉ်ထားခဲ့ပေမယ့် အခြေအနေ မပေးတာကြောင့် အခုမှသာ အလင်းဝင်လာတာ ဖြစ်တယ်လို့ တောင်ပိုင်းညီနောင်စစ်ကြောင်း ပြန်ကြားရေး တာဝန်ခံ ကိုစိုင်းညီက ပြောသည်။

စစ်ကောင်စီတပ်ကြပ်ကြီးနှစ်ဦးက MA 3 သေနတ် ၂ လက်၊ ၅.၅၆ ကျည် ၂၆၀ တောင့်နှင့် ကျည်ဘောက် ၆ ခုနှင့်အတူ အလင်းဝင်လာတာကြောင့် ထိုက်တန်သော ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်သွားမည်ဟု ၎င်းက ဆိုသည်။

အလင်းဝင်လာသည့် တပ်ကြပ်ကြီးနှစ်ဦးကို တော်လှန်ရေးအင်အားစုများ ထိန်းချုပ်နယ်မြေမှာ လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးထားပြီး ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၄ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ဝင်းဝကျေးရွာရဲစခန်း၌ တာဝန်ကျနေသော စစ်ကောင်စီတပ်သား ၃ ဦးသည် လက်နက်ခဲယမ်းနှင့်အတူ ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ထံ အလင်းဝင်ခဲ့ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here