မော်လမြိုင်တွင် PDF သင်တန်းတက်ရန် ရောက်ရှိနေသည်ဆိုပြီး အမျိုးသမီး ၁ ဦးအပါ ၄ ဦးကို စစ်ကောင်စီဖမ်းဆီး

0
82
ပုံစာ - စစ်ကောင်စီ ဖမ်းဆီးခံခဲ့ရသူ ၄ ဦး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်သူ့ကာကွယ်ရေး PDF သင်တန်းတက်ရန် ရောက်ရှိနေသည်ဆိုပြီး အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်ဥပဒေပုဒ်မဖြင့် အမှုဖွင့် အရေးယူခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှ မမျိုးသန္တာအေးနှင့် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်မှ ရဲကိုဝိုင် (ခ) ကိုပိုင်၊ မင်းခန့်နိုင်၊ မင်းသူရိန်တို့ ၄ ဦးသည် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်ရှိ ဇင်ယော်ဧည့်ရိပ်သာတွင် တည်းခိုနေစဉ် စစ်ကောင်စီတပ်ဖွဲ့က ဧပြီလ ၁၉ ရက်နေ့တွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။

မော်လမြိုင်မြို့တွင် PDF နှင့် ဆက်စပ်သည်ဆိုပြီး လိုက်လံဖမ်းဆီးမှုများ ရှိနေသလို လမ်းတွင်သွားလာနေသည့် လူငယ်များကိုလည်း ဖမ်းဆီးပြီး အမျိုးမျိုးစွပ်စွဲကာ အရေးယူမှု ပြုလုပ်နေသည်ဟု မြို့ခံများက ပြောပါသည်။

မော်လမြိုင်မြို့ခံလူငယ်တစ်ဦးက “မော်လမြိုင်မှာ အဖမ်းအဆီးတွေက များလာနေတယ်။ ဖမ်းခံရပြီဆိုရင်လည်း တခုမဟုတ်တခု စွပ်စွဲထည့်တာပဲ။ လမ်းသွားလမ်းလာဆိုရင်လည်း သူတို့နဲ့တိုးလို့ မသင်္ကာရင်လည်း ဖမ်းသွား တာပဲ။ အသွားအလာတွေတော့ တော်တော်သတိထားနေရတယ်Ó ဟု ပြောသည်။

ဖမ်းဆီးထားသူ ၄ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၀ ရက်အကြာ ဧပြီလ ၂၉ ရက်နေ့တွင် စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

အလားတူ ဧပြီလ ၂၉ ရက်နေ့တွင်ပင် မြိုင်သာယာရပ်ကွက်၊ ဦးစစ်မောင်လမ်းနေ ကိုရဲလင်းဖြိုးကို PDF ထောက်ပံ သည်ဆိုပြီး စစ်ကောင်စီတပ်က နေအိမ်တွင် လာဖမ်းသွားခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်ဟု မြို့ခံများက ပြောသည်။

ဧပြီလအတွင်း မွန်ပြည်နယ်တွင် ဖမ်းဆီးခံရသူ ၇ ဦး ရှိပြီး ဖမ်းဆီးခံရမှု အများဆုံးပြည်နယ် ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏ ထုတ်ပြန်ထားချက်အရ သိရသည်။

မွန်ပြည်နယ်တွင် သံဖြူဇရပ်၊ မော်လမြိုင်၊ ရေး၊ သထုံနှင့် ပေါင်မြို့နယ်တို့တွင် ၂၀၂၃ ခုနှစ်အတွင်း PDF နှင့် ဆက်စပ်သည်ဆိုပြီး ဖမ်းဆီးခံရသူ ၂၀၀ အထက်ရှိပြီး အများစုသည် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မများဖြင့် အမှုဖွင့် အရေးယူခံထားရကြောင်း သိရသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here