စစ်တောင်းတံတားလမ်းဆုံရှိ မုပ္ပလင်စစ်ဆေးရေးဂိတ် ထပ်မံတိုက်ခိုက်ခံရ

0
54
ပုံစာ - မုပ္ပလင်စစ်ဆေးရေးဂိတ်စခန်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာ စစ်တောင်းတံတားလမ်းဆုံရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို မေ ၁ ရက်နေ့ မနက် ၇ နာရီခန့်က သွားရောက်တိုက်ခိုက်ခဲ့သည်ဟု တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့ထံက သိရသည်။

တပ်အင်အား ၃၀ ကျော် တပ်စွဲနေထိုင်နေသည့် မုပ္ပလင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့က လက်နက်ကြီးအပြင် ဒရုန်းများနှင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ဒရုန်းဗုံးနှင့် လက်နက်ကြီးကျည်များ စစ်ဆေးရေးဂိတ်အတွင်းနှင့် ထမင်းချက်အဆောင်များအပေါ် ကျရောက်ပေါက်ကွဲခဲ့သည်ဟု သထုံခရိုင် PDF တာဝန်ရှိသူများက ပြောဆိုသည်။

ယင်းသို့တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က ဟွန်ဒါဖစ်တစ်စီးအပါအဝင် လူနာတင်ယာဉ်များနှင့် ခေါ်ထုတ်သွားသည်ကို တွေ့ရတာကြောင့် သေဆုံးထိခိုက်မှု အသေးစိတ်သိရနိုင်ရန် စုံစမ်းနေကြောင်း သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါသည်။

စစ်ဆေးရေးဂိတ် လက်နက်ကြီး၊ ဒရုန်းဗုံးသီးများနှင့် တိုက်ခိုက်ခံရရာတွင် စစ်ကောင်စီဘက်ကလည်း လက်နက်ငယ်၊ လက်နက်ကြီးများနှင့် ပြန်လည်ပစ်ခတ်တာကြောင့် ခရီးသွားကားများ ဖြတ်သန်းသွားလာလို့မရဘဲ ရပ်စောင့်ဆိုင်းနေကြရသည်ဟု ဆိုသည်။

နှစ်ဖက်ပစ်ခတ်မှု တစ်နာရီကျော် ကြာမြင့်ခဲ့တာကြောင့် မနက် ၉ နာရီကျော်ခန့်မှာသာ ခရီးသွားကားများ ပုံမှန်အတိုင်း ပြန်လည်ဖြတ်သန်းသွားလာရကြောင်း သထုံခရိုင် PDF တာဝန်ရှိသူများ ပြောဆိုမှုအရ သိရသည်။

ပြီးခဲ့သည့် ဧပြီ ၂၃ ရက်နေ့ကလည်း စစ်တောင်းတံတားအသစ်ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်အား ဒရုန်းဗုံး ၁၀ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

အလားတူ ဧပြီလအတွင်း၌ပင် မုပ္ပလင်စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအဖွဲ့များဘက်က ၃ ကြိမ်တိုင်တိုင် ဒရုန်းနှင့်ဗုံးချတာ၊ လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သည်ဟုလည်း ပြောဆိုသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here