ကညွှတ်ကွင်းတံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းသုံးပစ်ခတ်နေ

0
37
ပုံစာ - ကညွှတ်ကွင်းမြို့ရှိ ငနုသန်းတံတား မိုင်းခွဲတိုက်ခိုက်ခံရပြီးကျိုးကျပျက်စီးခဲ့သည့် (Photo - CJ)

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့ရှိ စစ်ကောင်စီတပ် ရိက္ခာသယ်ဆောင်ရေးလမ်းကြောင်းအဖြစ် အသုံးပြုနေသော ငနုသန်းတံတား မေလ ၁ ရက်နေ့တွင် မိုင်းခွဲတိုက်ခိုက်ခံရလို့ ကျိုးကျပျက်စီးခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများနှင့် တိုက်ခိုက်မှုများ လုပ်ဆောင်လာသည်ဟု မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။

စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၄၃၉ ထံသို့ လက်နက်နှင့်ရိက္ခာ သယ်ပို့နေသော ရန်ကုန် – မန္တလေး ကားလမ်းပေါ်ရှိ အဆိုပါတံတားကို လက်နက်ကိုင်တပ်ဖွဲက မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက် ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီတပ်က ကညွှတ်ကွင်းမြို့အရှေ့ဘက်ကို လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သလို လေကြောင်းဖြင့်လည်း ဗုံးကြဲခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

“အဲဒီတံတားကို ဖောက်ခွဲပြီးတော့ ပြန်ဆုတ်သွားတဲ့အဖွဲ့တွေကို လုပ်တာလို့ ထင်တာပဲ။ မနေ့ (မေလ ၁ ရက်) က မိုးလင်းကနေ မိုးချုပ်တဲ့အထိ လေယာဥ်နဲ့ တစ်ဝုန်းဝုန်းပဲ။ ဝဲတာမဟုတ်ဘူး ပတ်ကြဲတာ။ လေယာဥ်နဲ့ရော ပိန်းဇလုပ်ကနေရော လက်နက်ကြီးနဲ့ ကညွှတ်ကွင်းအရှေ့ဘက်ခြမ်းကို ချတာ” ဟု အဆိုပါဒေသခံက ဆိုသည်။

တံတားပျက်စီးသွားတာကြောင့် ဖြတ်သန်းသွားလာသူများ ရန်ကုန်- မန္တလေး အမြန်လမ်းပေါ်မှ ကွေ့ပတ်၍ သွားလာနေရသလို ထိုနေ့မှာပင် ငနုသန်းတံတားအနီးရှိ ကညွှတ်ကွင်း – ညောင်ပင်သာ ရထားလမ်းလည်း တပြိုင်တည်း တိုက်ခိုက်ခံရပြီး ကုန်တင်ရထားတစ်စီး လမ်းလွဲချော်ခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များ ထံမှ သိရသည်။

“ရိက္ခာပို့တဲ့လမ်းကြောင်းကို လုပ်တာပါ။ လူတွေကတော့ အမြန်လမ်းဘက်ကနေ သွားရမှာပဲ။ တံတားက သွားလို့မရတော့ဘူး။ စစ်တပ်အနေနဲ့ကတော့ ယာယီတံတားလုပ်ရင် သွားလို့ရမှာပါ။ အခုလောလောဆယ်တော့ ပြင်လို့မရသေးဘူး” ဟု အမည်မဖော်လိုသူဒေသခံက ပြောဆိုသည်။

အဆိုပါတံတားဖောက်ခွဲမှုကို မည်သည့်လက်နက်ကိုင်တပ်ဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့သည်ကို မသိရှိရသေးသလို စစ်ကောင်စီဘက်က လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အသေးစိတ်ကိုလည်း သက်ဆိုင်ရာနယ်မြေ တာဝန်ရှိသူများထံ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီ၏ ဝါဒဖြန့် ဆိုရှယ်မီဒီယာများတွင်မူ တံတားနှင့် ရထားလမ်းပိုင်း ဖောက်ခွဲမှုကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်- KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြနေပြီး စစ်ကောင်စီ၏ လေယာဥ်နှင့်လက်နက်ကြီးသုံး တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ဖော်ပြထားခြင်း မရှိပါ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီ ထောက်ပို့လမ်းကြောင်းအတွက် အရေးပါသောတံတားများ မကြာခဏ မိုင်းခွဲတိုက်ခိုက်ခြင်း ခံခဲ့ရကြောင်း သိရသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here