မော်လမြိုင်မြို့ပေါ်တွင် စစ်မှုထမ်းရန် လူငယ်များကို ညပိုင်းတွင်ဖမ်းဆီးနေ

0
51

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်မှုထမ်းသင်တန်း အပတ်စဉ် (၂) ပို့ဆောင်ရန်အတွက် လူငယ်များကို လိုက်လံဖမ်းဆီးခေါ်ဆောင်နေသည်ဟု မြို့ခံတို့ထံမှ သိရသည်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် ညဘက် ၈ နာရီနောက်ပိုင်းတွင် ရှောင်တခင် စစ်ဆေးခွင့်ဟုဆိုကာ မြို့ပေါ်ရှိ လမ်းဆုံနေရာ၊ မီးပွိုင့်နေရာတို့တွင် လမ်းသွားလမ်းလာလူငယ်များကို ဖမ်းဆီးလျှက်ရှိပြီး ငွေကြေးဖြင့် ပြန်လည်ရွေးစေသည်ဟု ဆိုသည်။

ဧပြီလ ၂၈ ရက်နေ့ ညပိုင်းတွင် စစ်ကားနှင့် တင်ဆောင်လာသည့် လူငယ် ၆ ဦးကို မွန်ယဉ်ကျေးမှုပြတိုက်အနီး စစ်သားစုဆောင်းရေးဌာနသို့ ပို့ဆောင်ထားပြီးနောက် ငွေကြေးနှင့် ပြန်မရွေးနိုင်သူတို့ကို အပတ်စဉ် (၂) သင်တန်း အတွက် စစ်သားအဖြစ် စုစည်းထားသည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

“ညက သူတို့ဘယ်ကနေ ဖမ်းလာတာလဲတော့ မသိဘူး။ ကျွန်တော်ကြည့်ရတာ သူတို့ (လူငယ်) တွေက အများဆုံးရှိရင် အသက်တွေက ၁၉၊ ၂၀ ဝန်းကျင်လောက်ပဲရှိမှာ။ သူတို့ပုံစံက ခပ်မိုက်မိုက်စတိုင်လေးတွေပေါ့။ ပိုက်ဆံနည်းနည်း ရှိတဲ့လူတွေပေါ့။ ကားနဲ့တင်ခေါ်လာတာ ခြောက်ယောက်ပေါ့။ အဲတာကို မနက်ပိုင်းက ငွေကြေးနဲ့ ပြန်သွားရွေးဖို့ မိဘတွေကို ဆက်သွယ်တယ်လို့တော့ ကြားတယ်၊ အဲလိုထပ်ကြားထားတယ်” ဟု ဆိုသည်။

မော်လမြိုင်မြို့ပေါ်တွင် သင်္ကြန်မတိုင်မီကာလကပင် ယခုကဲ့သို့ ဖမ်းဆီးမှုများရှိနေပြီး လူငယ် ၂၀ ဦး ထက်မနည်း ဖမ်ဆီးခံထားရကြောင်း သိရသည်။

ယင်းအပြင် ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့် ရာအိမ်မှုးတို့မှ စစ်မှုထမ်းရန် မဲပေါက်သည်ဟု ပြောဆိုကာ အိမ်တိုင်ရာ ရောက် အကြောင်းကြားစာများ ပို့ဆောင်နေသဖြင့် လူငယ်တို့အတွက် စိုးရိမ်မကင်းဖြစ်ရသည်ဟု မော်လမြိုင်မြို့ မှ မိဘတစ်ဦးက ဆိုသည်။

“တချို့ရပ်ကွက်တွေက မြို့နယ်ထွေအုပ်ရော၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးရော၊ စည်ပင်ရော ပေါင်းပြီးတော့ မဲမနှိုက်ဘဲနဲ့ ဒီအိမ်က မဲပေါက်သွားပါတယ်ဆိုတဲ့ အကြောင်းကြားစာတွေနဲ့ လာခေါ်တာလဲရှိပါတယ်။ အဲ့ဒါကြောင့် အခု ညပိုင်းမဟုတ်ဘူး နေ့ပိုင်းမှာလည်း အသွားအလာ သတိထားနေရတာ။ နေ့တွင်းပိုင်းမှာ ဆိုင်ကယ်တွေကို ဖမ်းပြပြီး ငွေကြေးတောင်းခံတာတွေ ရှိတယ်။ ချက်ချင်းမပေးနိုင်ရင် ဖမ်းခေါ်သွားနေတာရှိတော့ မိဘတိုင်းက သားသမီးတွေအတွက်က စိတ်ပူနေရတာပေါ့” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီက ယခုကဲ့သို့ လူငယ်များကို အလွယ်တကူ ဖမ်းဆီးခေါ်ဆောင်နေသည့်အတွက် မော်လမြိုင် မြို့ပေါ်တွင် ညပိုင်း ၉ နာရီ နောက်ပိုင်းအချိန်၌ ဒေသခံများသွား လာလှုပ်ရှားမှု မရှိတော့ကြောင်း ပြောကြသည်။

မွန်ပြည်နယ်တွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ အပတ်စဉ် (၁) ကို သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာ အမှတ် ၄ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် သင်တန်းကျောင်းအဖြစ်ဖွင့်လှစ်ထားပြီး သင်တန်းသားအယောက် ၂၀၀ ကျော်ရှိကြောင်း Burma Affairs And Conflict Study (BACA) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here