ကျိုက်မရောစစ်ဘေးရှောင်များ နေအိမ်ပြန်ရန် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်တို့ထံ ငွေကြေးပေးဆောင်နေရ

0
50
ပုံစာ - ကျိုက်မရောစစ်ရှောင်တချို့ ပုန်းခိုနေကြရသည့် ပျားတောင်ဂူ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ တရနာ၊ သံကလောင်၊ ဓမ္မသ အစရှိသည့် ကျေးရွာတို့မှ စစ်ဘေးရှောင်နေကြရသည့် ဒေသခံများ မိမိတို့၏ နေအိမ်ပြန်နိုင်ရန်အတွက် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်တို့ထံ ငွေကြေးပေးဆောင်နေရသည်ဟု ကျိုက်မရောဒေသခံတို့ထံမှ သိရသည်။

ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာတို့သည် တည်ငြိမ်အေးချမ်းနေပြီ ဖြစ်သည့် အတွက် စစ်ဘေးရှောင်သူများ နေရပ်ပြန်လာနိုင်ပြီးဖြစ်ကြောင်း စစ်ကောင်စီတပ်လက်အောက်ခံ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့က ဧပြီလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

နေရပ်ပြန်လာသည့် ဒေသခံတို့သည် ရွာအဝင်နေရာတို့၌ စောင့်ဆိုင်းနေသည့် စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်တို့ကို ငွေကျပ်သောင်းဂဏန်းအထိ ပေးဆောင်ရပြီးမှ မိမိတို့ရပ်ရွာအတွင်းသို့ ပြန်ဝင်ရောက်ကြသော်လည်း ထိုသို့ ငွေကြေးပေးနေရသည့်အပေါ် ထုတ်ဖော်ပြောဆိုမှု မလုပ်ရဲကြကြောင်း ကျိုက်မရောဒေသခံတစ်ဦးက ဆိုသည်။

“ရွာပြန်ဝင်လို့ရပြီးဆိုတဲ့ သတင်းကြားတော့ သံကလောင်ရွာသားတွေ တစ်ကားလုံးပြန်လာတယ်။ တရနာ ရောက်တဲ့ခါမှာ တရနာရဲက ရွာထဲဝင်ဖို့အတွက် ပိုက်ဆံ ၂၅၀,၀၀၀ တောင်းတယ်။ တစ်ကားလုံးစာပေါ့။ တရနာ ရွာသားတွေလည်း မပေးခံထိတာမဟုတ်ဘူး အသံမထွက်တာပဲရှိတယ်။ သူတို့ပိုက်ဆံယူတာကလည်း ပြန်တဲ့ လူတိုင်းကိုတောင် ယူတာမဟုတ်ဘူ။ လူကိုကြည့်ပြီး ယူတာလား ကိုယ်နဲ့ကြုံလို့ ကိုယ်ကပေးရတာလား။ မသိတော့ဘူး” ဟု ကျိုက်မရောဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် အဆိုပါဒေသတလျှောက် နေရပ်ပြန်သူတို့သည် မိမိတို့၏ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း စသည့် အထောက်အထားတို့ ပြသနိုင်မှသာ ထိုရွာသားအဖြစ် အသိမှတ်ပြုခံရပြီး ကျေးရွာအတွင်းသို့ ဝင်ခွင့်ပြုနေကြောင်း ဒေသခံတို့က ပြောဆိုကြသည်။

“တရနာရွာရဲ့ထိပ်မှာပဲ သူတို့ဂိတ် ရှိနေတာ။ အဲမှာပဲ သူတို့စစ်နေတယ်ပေါ့၊ ဓမ္မသရွာသားတော့ ဒီဘက်လာတာ နည်းတယ်။ သံကလောင်တို့ ကျွန်းကုန်ရွာတို့ပဲ သွားလာများတယ်။ သူတို့ဖွင့်တဲ့ရက် တစ်ချက်ပဲ ဝင်လို့ရမှာ မနက် ၉ နာရီကနေ နေ့လည် ၁၂ ထိပဲ။ သူစဖွင့်မယ့်ချိန်ထိ အဲ့ဂိတ်မှာ တန်းစီပြီး စောင့်နေရတာ။ ညနေဘက်တော့ သွားလာမလွယ်တော့ဘူး” ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်တပ်က စစ်ဘေးရှောင်ဒေသခံများကို နေရပ်ပြန်ရန် ဧပြီလ ၂၈ ရက်နေ့က ကြေညာထားသော်လည်း နေအိမ်အဆောက်အအုံနှင့် လမ်းကြိုလမ်းကြားတွင် နေရာယူထားသည့် ၎င်းတို့တပ်ဖွဲ့က ပြန်လည်ထွက်ခွာခြင်း မရှိသေးကြောင်း စစ်ဘေးရှောင်များက ပြောဆိုသည်။

ထို့ကြောင့် စစ်ဆေးမှုများနေသည့်အပြင် ရွာအတွင်းရှိ စစ်ကောင်စီတပ်တို့နှင့် ထိပ်တိုက်မတွေ့ဆုံလိုခြင်းကြောင့် ဒေသခံအများစု နေရပ်မပြန်ရဲသေးကြောင်း စစ်ဘေးရှောင် ကူညီကယ်ဆယ်နေသူတို့က ဆိုသည်။

ယာယီနေရပ် စွန့်ခွာသူတို့သည် ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့အထိ ဓမ္မသတ်ကျေးရွာ၊ တရနာကျေးရွာနှင့် ကော့သတ်ကျေးရွာသို့ ဒေသခံအမျိုးသား ၉၆ ဦး၊ အမျိုးသမီး ၁၂၄ ဦး စုစုပေါင်း ၂၂၀ ဦးအထိ ပြန်လည်ဝင်ရောက် နေထိုင်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

နေရပ်စွန့်ခွာခဲ့ရသည့် ၁ လတာ ကာလအတွင်း နေအိမ်မီးလောင်ခံရမှု ရှိသလို မီးလောင်မခံရသည့်နေအိမ်တို့တွင် လည်း ဆိုင်ကယ်နှင့် အခြားတန်ဖိုးကြီးပစ္စည်းတို့ ပျောက်ဆုံးလျှက်ရှိကြောင်း ဒေသခံများက ပြောသည်။

ယခင်စစ်မျက်နှာပြင် ဖြစ်ခဲ့သည့် ဓမ္မသတ်ရွာနှင့် ကော့ဗိန်းကျေးရွာတို့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ပြန်လည် ဆုတ်ခွာသွားခဲ့ပြီးနောက် စစ်ကောင်တပ်မှ နယ်မြေရှင်းလင်းရေးအကြောင်းပြုပြီး ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့တွင် ဝင်ရောက်လှုပ်ရှား သွားလာလျှက်ရှိကြောင်း သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here