ကော့ကရိတ်၊ ကော့ဘိန်းရွာအတွင်း စစ်ကြောင်းထိုးဝင်လာချိန် ပစ်သတ်ခံရထားရသည့် အမျိုးသား ၃ ဦးတွေ့ရှိ

0
45
ပုံစာ - စစ်ကောင်စီစစ်ကြောင်းဝင်လာချိန် ပစ်သတ်ခံထားရသည့် ဒေသခံရုပ်အလောင်းများ။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာအတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက် လာချိန်တွင် ပစ်သတ်ခံထားသည့် ဒေသခံအမျိုးသား ၃ ဦး၏ ရုပ်အလောင်းကို ဧပြီ ၂၇ ရက်နေ့တွင် ရှာဖွေတွေ့ရှိ ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါအမျိုးသား ၃ ဦးသည် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာသည့် ဧပြီ ၂၅ ရက်နေ့က ၎င်းတို့ နေထိုင်ရာ ကျေးရွာအသီးသီးမှ ပျောက်ဆုံးနေခဲ့ပြီးနောက် ဧပြီ ၂၇ ရက်နေ့တွင် ၎င်းတို့ရွာ၌ပင် ရုပ်အလောင်းများ ကို ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ကော့ပလိုင်ဒေသခံတစ်ဦးက “ပျောက်တဲ့နေ့က အကုန်လုံးတစ်ရက်ထဲပဲ။ သူ့နေရာနဲ့သူ သတ်ထားတာ။ တစ်ယောက်က ဆိုင်ကယ်ကိုယူပြီး ကော့ဘိန်းဈေးတန်းမှာ ပစ်သတ်ထားတယ်။ နောက်တစ်ယောက်က မျက်နှာကို အဝတ်စနဲ့ပတ်ပြီး ကော့ပလိုင်းအနောက်ဘက်က ချောင်းနံဘေးမှာပစ်သတ်ထားတယ်။ ရက်ရက် စက်စက်ကို ပစ်သတ်ထားတာ။ ဘယ်သူဘယ်ဝါမှန်းသိအောင် မနည်းကြည့်ယူရတယ်။ ပုတ်ပွနေတာပဲ” ဟု ပြောသည်။

ပစ်သတ်ခံရသူတို့သည် ကျိုက်မရောမြို့နယ်၊ ကော့ပလိုင်းကျေးရွာနေ အသက် ၃၀ အရွယ်ရှိ မင်းအောင်ချမ်း၊ ကော့ကရိတ်မြို့နယ် ကော့ဘိန်းကျေးရွာမှ အသက် ၃၆ နှစ် အရွယ်ရှိ နိုင်စိုက်ဂျီနှင့် ကော့ဘိန်းတိုက်နယ် ဈေးအတွင်း သေဆုံးနေသည့် အမည်မသိ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

ဧပြီလ ၂၈ ရက်နေ့တွင် မင်းအောင်ချမ်း၏ ရုပ်အလောင်းကို ကော့ပလိုင်းသင်္ချိုင်းတွင် သင်္ဂြိုဟ်ခဲ့ပြီး နိုင်စိုက်ဂျီ၏ ရုပ်အလောင်းကို အလောင်းတွေ့သည့်နေရာတွင်ပင် သင်္ဂြိုဟ်ခဲ့ကြောင်း အဆိုပါကော့ပလိုင်ဒေသခံက ဆက်ပြော သည်။

“နှစ်ယောက်က သင်္ဂြိုဟ်ပြီးပေမယ့် ကျန်တဲ့တစ်ယောက် ပိုင်ရှင်မပေါ်သေးဘူး။ အဲ့ဒီကော့ဘိန်းဈေးထဲမှာပဲ။ ပုတ်ပွနေတာ။ ပိုင်ရှင်မသိသေးတော့ အခုထိမသိမ်းရသေးဘူး။ ရွာမှာက ပရဟိတသမားတွေလည်းမရှိတော့ အလောင်းကိုယူသွားယူလာလည်းမရဘူး။ တွေ့တဲ့နေရာမှာ တာယာတွေနဲ့ဖုံးပြီး သင်္ဂြိုဟ်ပေးနေရတာ” ဟု ၎င်းက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် စစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည့် ဇာသပြင် စစ်ကောင်စီ ခလရ ၈၁ မှ အင်အားရာနှင့်ချီရှိသည့် ကရင်နယ်ခြားစောင့်တပ် BGF တို့နှင့် ပူးပေါင်းပြီး ရေကြောင်းမှတဆင့် ကော့ဘိန်း၊ ကော့ပလိုင်ရွာ အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ဒေသခံရွာသားတို့ကို ဖမ်းဆီးအကြမ်းဖက်မှု လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် စစ်ကောင်စီတပ်တို့ ကော့ဘိန်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်စဉ်တွင် သေနတ်ဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေနတ်ထိမှန်ပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိ၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ သိမ်းဆည်းခဲ့ပြီး မီးရှို့ဖျက်စီးထားသည့် အဆိုပါကော့ဘိန်း နယ်မြေ ရဲစခန်းကို စစ်ကောင်စီတို့ ပြန်လည်သိမ်းဆည်းနိုင်ခဲ့သည်ဟုဆိုသော်လည်း အခြေချမနေထိုင်ကြသေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ကော့ဘိန်း၊ ကော့ပေါက်၊ ကော့ပလိုင်၊ ကော့မိတ်ကျေးရွာ အတွင်းသို့ စစ်ကြောင်ထိုး ဝင်ရောက်လာသည့်အတွက် ၎င်းကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရာတွင် စစ်ကောင်စီတပ်က ၎င်းတို့၏နေအိမ်များကို ဖောက်ထွင်းဝင်ရောက်ကာ အိမ်သုံးပစ္စည်းတို့အပြင် တန်ဖိုးကြီး ပစ္စည်းတို့ကိုလည်း ယူဆောင်သွားကြောင်း သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here