စစ်ရေးနှင့်လက်နက်ခြိမ်းခြောက်ဆက်ဆံမှုက တိုင်းရင်းသားအချင်းချင်းကြား အဖြေကောင်းမဟုတ်ဟု KIA ပြောဆို

0
53
ပုံစာ - KIA တပ်ဖွဲ့ဝင်များ

စစ်ရေးနှင့် လက်နက်ခြိမ်းခြောက်ပြီး ဆက်ဆံမှုမျိုးသည် တိုင်းရင်းသားအချင်းချင်းကြားအတွက် အဖြေကောင်း မထွက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပြောဆိုလိုက်သည်။

ကွတ်ခိုင်မြို့နယ် TNLA အုပ်ချုပ်ရေးအဖွဲ့မှ KIA ဆက်ဆံရေးရုံး တာဝန်ရှိသူများကို ပြီးခဲ့သည့် ဧပြီလ ၁၀ ရက်နေ့နှင့် ၁၂ ရက်နေ့တို့တွင် နှစ်ကြိမ်တိုင်တိုင် လာရောက်တွေ့ဆုံပြီး ဧပြီလ ၁၅ ရက်နေ့ နောက်ဆုံးထား ထွက်ခွာသွားရန် ပြောဆိုခဲ့သည့်သတင်း ထွက်ပေါ်လာခဲ့သည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက “အားလုံးကတော့ တော်လှန်ရေး အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ အချင်းချင်းလည်း နားလည်မှု ရှိရမယ်၊ တန်ဖိုးထားမှုလည်း ရှိရမယ်။ မဟုတ်ဘဲနဲ့ စစ်ရေးနဲ့ လက်နက်နဲ့ ခြိမ်းခြောက်ပြီးမှ ဆက်ဆံတာမျိုးတွေကတော့ ကျနော်တို့တိုင်းရင်းသား အချင်းချင်း အတွက်ကတော့ အဖြေကောင်းတွေ ထွက်မယ်လို့ မထင်ပါဘူး” ဟု ပြောဆိုလိုက်သည်။

ကွတ်ခိုင်မြို့တွင် ဖွင့်လှစ်ထားသည့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ ဆက်ဆံရေးရုံးကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဧပြီလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ထွက်ခွာ ခိုင်းသည့်ကိစ္စနှင့် ပတ်သက်ပြီး TNLA ၏ အရာရှိငယ်များ ပြောဆိုသည့် စကားသာဖြစ်ကြောင်း၊ နှစ်ဘက်တပ်ဖွဲ့ အကြား တွေ့ဆုံဆွေးနွေးပြီး ပြန်အဆင်ပြေပြီဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။

“ကျနော်တို့ ကြားရတာကတော့ အားလုံးအဆင်ပြေပြီလို့ပဲ ကြားရတယ်။ TNLA နဲ့ကလည်း လူကြီးပိုင်းမဟုတ်ဘဲနဲ့ အရာရှိငယ်တွေ ပြောတာပဲ ဖြစ်ပါတယ်ဆိုပြီးမှ တွေ့ဆုံဆွေးနွေးပြီး အားလုံးပြန်အဆင်ပြေပြီ” ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အလားတူ ဧပြီလ ၁၅ ရက်တွင်လည်း နမ္မတူမြို့နယ် ဘော်တွင်းရှိ KIA နှင့် မဟာမိတ် PDF တပ်စခန်းတစ်ခု ကိုလည်း ရွှေ့ပြောင်းပေးရန် TNLA တပ်ဖွဲ့က ထပ်မံပြောဆိုခဲ့ခြင်းနှင့် ပတ်သက်ပြီး မြေပြင်အဆက်အသွယ် မရရှိသေးဘဲ သတင်းပျံနှံ့နေကြောင်းသာ သိရှိရကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုပါသည်။

“တော်တော်လေး ဝိုင်းဝန်းပြီးမှ မထိန်းကျောင်းရင်တော့ ပြဿနာ ဖြစ်လာနိုင်တာပေါ့။ လူမျိုးစုအလိုက် ဆိုရင်တော့ ကိုယ်စီ လက်နက်ကိုင်အဖွဲ့တွေနဲ့ဆိုတော့ ကြားမှာ လူမျိုးရေးပဋိပက္ခ ဖြစ်လာဖို့ နီးစပ်လာတာပေါ့။ အဲ့လိုမဖြစ်အောင် ကိုယ့်ပြည်သူအချင်းချင်းတော့ ဝိုင်းထိန်းကြဖို့ ပြောဖြစ်တယ်” ဟု ကွတ်ခိုင်မြို့မှ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ကွတ်ခိုင်မြို့တွင် KIA တပ်ဖွဲ့အနေဖြင့် ရုံးဖွင့်အခြေချလိုပါက TNLA တပ်ဖွဲ့၏ ဗဟိုရုံးထံသို့ တရားဝင် စာပို့တောင်းခံရန် လိုအပ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှူးက သတင်းမီဒီယာများသို့ ဖြေကြားထားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး TNLA သတင်းနှင့် ပြန်ကြားရေး ဌာနမှူးထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ “အထူးသဖြင့် ဒီကိစ္စကို အများကြီးတော့ ထပ်ပြောစရာ မလိုပါဘူး၊ ကျမတို့ပြောတဲ့အတိုင်းပဲ ဖြစ်ပါတယ်။ ဒီကိစ္စက အထက်ကလည်း ရှင်းပြီးသားဖြစ်တယ်၊ ထပ်ပြောစရာ မရှိတော့ပါဘူး” ဟုသာ ပြန်လည် ဖြေကြားခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး” အတွင်း TNLA တပ်ဖွဲ့က ထိန်းချုပ်ထားနိုင်သည့် ကွတ်ခိုင်မြို့ပေါ်တွင် လက်နက်ကိုင်မျိုးစုံမှ ယူနီဖောင်းဝတ်ဆင်ပြီး သွားလာလှုပ်ရှားနေခြင်းသည် လူထုကိုစိုးရိမ်စေပြီး အန္တရာယ်ကို ဖိတ်ခေါ်စေခြင်းကြောင့် တားမြစ်ခြင်းဖြစ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှူးက KNG သတင်းဌာနကို ဖြေကြားထားပါသည်။

ပြီးခဲ့သည့်မတ်လ ဒုတိယပတ်အတွင်းကလည်း မန်တုံနှင့် နမ့်ခမ်းမြို့နယ် အကြားရှိ ကချင်လွတ်လပ်ရေး KIA ၏ စစ်ဆေးရေးဂိတ်တွင် တအာင်း(ပလောင်)တပ်ဖွဲ့ TNLA တို့ နှစ်ဖက်ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“၁၀၂၇ စစ်ဆင်ရေး” အတွင်း ကွတ်ခိုင်မြို့အခြေစိုက် စစ်ဗျူဟာတပ်စခန်းမှ TNLA တပ်ဖွဲ့ထံ ဇန်နဝါရီလ ၇ ရက် နေ့တွင် လက်နက်ချခဲ့ပြီးနောက် ကွတ်ခိုင်မြို့ပေါ်ကို TNLA တပ်ဖွဲ့က ထိန်းချုပ်ထားသည်။

ကွတ်ခိုင်မြို့နယ်အတွင်းရှိ နမ့်ဖတ်ကာအခြေစိုက် စစ်ကောင်စီ ခလရ-၁၂၃ တပ်စခန်းကို KIA တပ်ဖွဲ့က တိုက်ခိုက် နေစဉ် တိုက်လေယာဉ်တစ်စင်း ပစ်ချနိုင်ခဲ့ပြီး ဇန်နဝါရီလ ၂၄ ရက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။

သျှမ်းမြောက်တွင် ဟိုင်ဂင် သဘောတူညီချက်အရ ညီနောင်မဟာမိတ်နှင့် စစ်ကောင်စီတို့သည် “၁၀၂၇ စစ်ဆင်ရေး” ယာယီ အပစ်ရပ်ထားသော်လည်း “ဝ” တပ်ဖွဲ့ ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေးကော်မတီ (FPNCC) တွင် ပါဝင်သော အဖွဲ့ဝင်အချင်းချင်းအကြား စစ်ရေးပဋိပက္ခ ပွတ်တိုက်မှုများ တွေ့မြင်လာရကြောင်း ဒေသတွင်း စစ်ရေးလေ့လာသုံးသပ်သူများက ပြောဆိုသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here