ကွတ်ခိုင်မြို့တွင် KIA အနေနှင့် ရုံးဖွင့်အခြေချလိုပါက ခွင့်တောင်းရမည်ဟု TNLA ပြောဆို

0
47
ပုံစာ - တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းပိုက်နေရာယူထားသည့် ကွတ်ခိုင်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော် – KIA အနေနှင့် ရုံးဖွင့်အခြေချလိုပါက ခွင့်တောင်းမည်ဆိုသည့် ပြောဆိုချက်အပေါ် ကွတ်ခိုင်မြို့ရှိ ကချင်ဒေသခံများက မေးခွန်းထုတ် ပြောဆိုနေကြသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၁၀ ရက် နှင့် ၁၂ ရက်နေ့ကလည်း ကွတ်ခိုင်မြို့ရှိ KIO/KIA ဆက်ဆံရေးရုံးကို ဧပြီ ၁၅ ရက်နေ့ နောက်ဆုံးထားထွက်သွားရန် TNLA ဘက်က လာရောက်ပြောဆိုခဲ့သလို ရုံးရှေ့၌ လွင့်ထူထားသည့် ကချင်အမျိုးသားအလံကို ဖျက်ဆီးခဲ့သည်ဟု ၎င်းတို့က ပြောပါသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး TNLA ဗဟိုဌာနချုပ် ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းရာတွင် PSLF / TNLA ပြန်ကြားရေးဌာနမှူး လွေးယေဦးက အခုလို ပြောဆိုပါသည်။

“ဘယ်လက်နက်ကိုင် အဖွဲ့အစည်းမဆို ကျမတို့ဆီမှာ ရုံးဖွင့်ချင်တယ်၊ အခြေချခွင့်လိုအပ်တယ်၊ ရချင်တယ်ဆိုရင် ကျမတို့ဗဟိုရုံးဆီမှာ လာရောက်ပြီးတော့မှ တရားဝင်စာနဲ့ပေနဲ့ တောင်းခံအပ်တာမျိုး ရှိရမယ်။ အဲဒီတောင်းခံမှုပေါ် မှာ မူတည်ပြီးတော့မှ ကျမတို့ကစဉ်းစားပေးမှာ ဖြစ်ပါတယ်။ ဒီကိစ္စက အရင်ကနဲ့မတူတော့ဘူး တအာင်းဒေသ သည် တအာင်းပြည်သူများ လွတ်မြောက်သွားတဲ့ ပြည်တစ်ခု ဖြစ်သွားပြီ။ လွတ်မြောက်သွားတဲ့အတွက်ကြောင့် လူထုရဲ့ဝန်ထုတ်ဝန်ပိုးကို လျှော့ချချင်တယ်” ဟု ၎င်းက ပြောသည်။

ဆက်လက်ပြီး “ဒီတအာင်းပြည်တွင်းမှာ လက်နက်ကိုင်မျိုးစုံတွေ ဒီလိုမျိုးယူနီဖောင်းဝတ်ပြီး သွားလာ ထင်ရှားခြင်းသည် လူထုကို စိုးရိမ်စေတယ်။ လူထုကို ခြိမ်းခြောက်ရာ ရောက်တယ်။ လူထုအတွက် အန္တရာယ်ကို ပိုဖိတ်ခေါ်စေတဲ့အတွက်ကြောင့်မို့ ကျမတို့က ဒီလိုမျိုးတားမြစ်ခြင်း ဖြစ်ပါတယ်” ဟု လွေးယေဦးက ပြောပါသည်။

ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့ကလည်း ကွတ်ခိုင်နှင့် မူဆယ်ကြားက KIO နှင့် သက်ဆိုင်သည့် နယ်မြေကန့်သတ်ချက် ဆိုင်းဘုတ်များကို TNLA ဘက်က လိုက်လံဖျက်ဆီးခဲ့သည်ဟုလည်း သိရသည်။

၁၀၂၇ စစ်ဆင်ရေးတွင် ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်းနှင့် ကျောက်မဲမြို့နယ်ထဲရှိ မိုင်းလုံ၊ မိုင်းငေါ့ စသည့် မြို့များကို TNLA တပ်ဖွဲ့က သိမ်းပိုက်ထားနိုင်ခဲ့သည်။

သို့သော် နမ္မတူမြို့၊ မန်တုံနှင့် ကွတ်ခိုင်၊ နမ့်ခမ်း စသည့် မြို့နယ်တို့တွင် TNLA နှင့် KIA မြေပြင်တပ်တို့အကြား ပဠိပက္ခဖြစ်ပွားသည့် ဖြစ်စဉ် ပုံမှန်ရှိနေသည်ဟု ဒေသခံတို့ထံမှ သိရှိရသည်။

ကွတ်ခိုင်မြို့ကို TNLA သိမ်းပိုက်ပြီးနောက် အုပ်ချူပ်ရေးယန္တရား စတင်လည်ပတ်လာစဉ်ကတည်းက မြို့တွင်းမှာရှိနေတဲ့ KIO ၊ KIA တပ်ဖွဲ့ဝင်တွေကို မောင်းထုတ်နေခဲ့တာဖြစ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။

ကွတ်ခိုင်ဖြစ်စဉ်အပေါ် KIA နှင့် TNLA ကြား နှစ်ဦးနှစ်ဖက် ဆွေးနွေးပြေလည်သွားပြီလို့ TNLA ပြန်ကြားရေး ဌာနမှူး လွေးယေဦးက ပြောဆိုခဲ့ပေမယ့် အသေးစိတ်အချက်ကိုတော့ ဖြေဆိုခဲ့ခြင်း မရှိခဲ့ပါဘူး။

ကွတ်ခိုင်တွင် KIA ရုံး ဆက်လက်တည်ရှိရန်အတွက် TNLA ထံ ခွင့်တောင်းခံရန် လိုအပ်သည်ဆိုသည့်အပေါ် ကွတ်ခိုင်ရှိ အသက် ၆၀ ကျော်အရွယ် ကချင်ဒေသခံတစ်ဦးက “ဟိုး..အရင် မဆလခေတ်ကတည်းက KIO ဆက်ဆံရေးရုံးက ဒီမှာရှိပြီးသား ဖြစ်တယ်။ အဲဒီနောက် တိုက်ပွဲတွေ ဖြစ်လာတာကြောင့် KIO ရုံးအဖွဲ့သားတွေ ရှောင်သွားကြတာ။ အခု TNLA တွေ ဝင်လာပြီဖြစ်တော့ KIO တွေလည်း ဒီမှာပြန်လာလို့ ရပြီဆိုပြီး ပြည်သူတွေ လည်း လိုလားကြတာပေါ့။ ဆိုတော့ ခွင့်တောင်းတာ၊ မတောင်းတာတွေက ကျမတို့ပြည်သူတွေက နားမလည် မရှင်းမလင်းဘူး” ဟု ပြောပါသည်။

ကွတ်ခိုင် သာမက နမ္မတူ၊ မန်တုံမြို့ဘက်၌လည်း KIA၊ PDF တပ်ဖွဲ့ဝင်များကို မြို့အတွင်း စစ်ဝတ်စုံနှင့် ဝင်ထွက်သွားလာခွင့်နှင့် မြို့နယ်မြေအနီး ဂိတ်စခန်းချမှုများကို TNLA က ခွင့်မပြုဘဲ တားမြစ်ထားသည်ဟု ဆိုသည်။

ယင်းအပြင် နမ့်ဖတ်ကာနှင့် နမ့်ခမ်းမြို့တကြောတွင်လည်း KIA နှင့် TNLA အောက်ခြေတပ်များအကြား အချင်းအချင်း အချေအတင်ဖြစ်သည့် ဖြစ်စဉ်များရှိကြောင်း ဒေသခံများက ပြောပါသည်။

ရှမ်းမြောက်တွင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အချင်းချင်းကြား နယ်မြေအရေးနှင့် ပတ်သက်ပြီး ပဋိပက္ခများ ကြောင့် ဒေသခံပြည်သူလူထုက စိုးရိမ်နေကြရသည့်အပေါ် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဒုတိယဗိုလ်ချူပ်ကြီး ဂွန်မော်က ဧပြီလ ၁၃ ရက်နေ့ညက ထိုင်းနိုင်ငံရှိ ကချင်လူထုစည်းဝေးပွဲတစ်ခု၌ အွန်လိုင်းကတဆင့် အခုလို ရှင်းလင်းပြောခဲ့ပါသည်။

“ရှမ်းမြောက် ကချင် Sub-state နဲ့ ပတ်သက်ပြီး နံပါတ် (၁) ပြောချင်တာက ကျနော်တို့ဟာ ကျနော်တို့ရဲ့ ဦးတည်ချက်ပန်းတိုင်ကို တည့်မတ်စွာသွားရမယ်လို့ပဲ ပြောချင်တယ်။ ကိုယ်တိုက်ခိုက်နိုင်လို့ စိုးမိုးထားတဲ့ နယ်မြေကို ကိုယ်အရယူလိုက်မယ်ဆိုတဲ့ စိတ်ဓါတ် မထားရဘူးလို့ သူတို့ကို သတင်းပို့ထားပါတယ်။ မုန်ကိုး၊ ဖောင်းဆိုင်အထိ သွားပြီး ကိုးကန့် နဲ့ TNLA ကို ရှင်းရှင်းလင်းလင်း ပြောထားပြီ။ တိုက်နိုင်လို့ ကာကွယ်ထားတာကို နားလည်တယ်။ ဒါပေမယ့် နယ်မြေကို ယူလိုက်တာမျိုး မလုပ်ရဘူး ပိုင်ရှင်ရှိတယ်ဆိုပြီး သွားပြောတဲ့အချိန် သူတို့နားမထောင်ချင်ဘူး။ အရင်က ဗြိတိသျှတွေ တစ်ကမ္ဘာလုံးကို တိုက်ခိုက်သိမ်းပိုက်ထားပေမယ့် တစ်ချိန်မှာ ပိုင်ရှင်တွေကို ပြန်ပေးအပ်ခဲ့တာဟုတ်တယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော် ပြောပါသည်။

ယင်းအပြင် ရှမ်းမြောက်လွတ်မြောက်နယ်မြေများတွင် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ဘာသာရေး စသဖြင့် ကဏ္ဍစုံ၌ ဒေသခံပြည်သူများ၏ သဘောထား၊ ဆန္ဒကို ဦးစားပေးပြီး ပိတ်ပင်တားမြစ်ခြင်းမရှိဘဲ ဆောင်ရွက် သင့်ကြောင်း TNLA နဲ့ MNDAA ကို ပြောဆိုထားသည်ဟု ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ပြောဆိုခဲ့သည်။

ရှမ်းမြောက်တွင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ကြား ပဋိပက္ခမှန်သမျှကို နိုင်ငံရေးနည်းလမ်းနဲ့ပဲ ဆွေးနွေးဖြေရှင်းသွားမည်ဟု TNLA နှင့် KIO တို့ နှစ်ဖက် ပြောဆိုထားကြပါသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here