‘ဒလန်’ ဆိုပြီး သတ်ဖြတ်ခံရမှုအား စစ်ဆေးပေးရန် NUG ကို ဒေသခံများတောင်းဆို

0
48
ပုံစာ - လောင်းလုံးမြို့နယ်အတွင်းရှိ အဖွဲ့ ၁၃ ဖွဲ့ က NUG ထံ သဘောထားထုတ်ပြန်တောင်းဆိုချက်။

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ထဲက ရွာသားတစ်ဦးကို “ဒလန်” ဟု ဆိုပြီး သတ်ဖြတ်ခံခဲ့ရသည့်အပေါ် ဖြေရှင်းပေးရန် မြို့နယ်အတွင်းရှိ အဖွဲ့ ၁၃ ဖွဲ့ က NUG ထံ စာထုတ်တောင်းဆိုခဲ့ကြသည်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖက) “ဒလန်” ဟု စွပ်စွဲပြီး ရွာသားတစ်ဦးကို တရားလက်လွတ် ပစ်သတ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ-NUG က အမြန်ဆုံး စုံစမ်းစစ်ဆေး ဖြေရှင်းပေးရန် မြို့နယ်အတွင်းရှိ အဖွဲ့ ၁၃ ဖွဲ့မှ စာထုတ်တောင်းဆိုထားခြင်းဖြစ်သည်။

စာထုတ်တောင်းဆိုထားရာတွင် ပါဝင်သည့် ဒို့ရွာလူငယ်များထောက်ပို့အဖွဲ့ တာဝန်ရှိသူတစ်ဦးက “လောင်းလုံး – ပကဖ အနေနဲ့ ဒလန်လို့ စွပ်စွဲသတ်ဖြတ်တာတွေ မကြာခဏလုပ်လေ့ ရှိနေတယ်။ လက်မခံနိုင်တဲ့ အခြေအနေ တွေ ပြုလုပ်နေတာပါ။ သူတို့အနေနဲ့ ဘေးလူတွေ ပြောစကားကို သေချာတိကျအောင် စုံစမ်းဖို့လိုတယ်” ဟု ပြောသည်။

ဧပြီလ ၁၂ ရက်နေ့က လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖက) ‘ဒလန်’ ဟု စွပ်စွဲပြီး ပစ်သတ်ခဲ့တာကြောင့် သေဆုံးသွားသူသည် လောင်းလုံးမြို့နယ်၊ ပြင်းထိန်ကျေးရွာမှ အသက် ၅၃ နှစ် အရွယ် ဦးကြည်လေး ဆိုသူဖြစ်သည်။

ဦးကြည်လေးကို ဧပြီလ ၈ ရက်နေ့တွင် မြို့နယ်အတွင်းမှ ထွက်ခွာသွားရန် အိမ်တိုင်ရာရောက် သတိပေးခဲ့ပေမယ့် ထွက်ခွာသွားခြင်းမရှိခြင်းကြောင့် ၄ ရက်မြောက်နေ့တွင် ဝင်ရောက်ဖမ်းဆီးချိန် သေနတ်ဖြင့် ခြောက်လှန်ပစ်ခတ်ခဲ့ရာမှ ဦးခေါင်းကိုကျည်ထိမှန်ကာ သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် – ပကဖ အဖွဲ့က ထုတ်ပြန်ထားသည်။

သေဆုံးသွားသူ ဦးကြည်လေးသည် ရပ်ရွာ၏ သာရေးနာရေးကိစ္စနှင့် ပတ်သက်၍ မြို့နယ်ရဲစခန်းသို့ စစ်အာဏာမသိမ်းခင်အချိန်ကတည်းက ဝင်/ထွက်သွားလာခဲ့သူဖြစ်သော်လည်း ရွာသူရွာသားများနှင့်ကျေးရွာကို တစုံတရာ ဒုက္ခမပေးခဲ့ဖူးသောသူတစ်ဦးဖြစ်၍ စစ်ကောင်စီသတင်းပေးဆိုသည့် စွပ်စွဲချက်မှာ မှန်ကန်မှုမရှိကြောင်း ရွာသားများက ပြောဆိုသည်။

ဦးကြည်လေး အသတ်ခံရမှုနှင့်ပတ်သက်၍ တရားမျှတမှုရရှိရေး အီးမေးလ်မှတဆင့် NUG ကို တိုက်ရိုက်ဆက်သွယ်တိုင်ကြားထားပြီး တစုံတရာ အကြောင်းပြန်လာခြင်း မရှိသေးဟု တောင်းဆိုသည့်အဖွဲ့ ၁၃ ဖွဲ့၏ တာဝန်ရှိသူများက ပြောသည်။

ဒို့ရွာလူငယ်များ ထောက်ပို့အဖွဲ့အပါအဝင် လောင်းလုံးမြို့နယ်အတွင်းရှိ အဖွဲ့အစည်းအပေါင်း ၁၃ ဖွဲ့က အသတ်ခံရသူ ဦးကြည်လေးအတွက် တရားမျှတမှုရရှိရေး ဧပြီလ ၁၅ ရက်နေ့က NUG ထံ ထုတ်ပြန်တောင်းဆိုထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လနှင့် စက်တင်ဘာလ အတွင်း၌လည်း စစ်ကောင်စီအတွက် သတင်းထောက်လှမ်း သူ၊ ပျူစောထီးအဖွဲ့ဝင်၊ ပျူစောထီးမိသားစုဝင်၊ စစ်ကောင်စီတပ်၏ လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူ စသည့် အကြောင်းပြချက်များနှင့် သီလရှင်ဒေါ်နန္ဒစာရီ၊ ကိုနေရဲစိုး အပါအဝင် စုစုပေါင်း ၄ ဦးလည်း ပစ်သတ်ခံခဲ့ ကြရသည်။

သီလရှင်ဒေါ်နန္ဒစာရီနှင့် ကိုနေရဲစိုးတို့၏ မိသားစုဝင်များက NUG ထံသို့ ၎င်းတို့၏မိသားစုဝင်များသည် “ဒလန်” မဟုတ်ကြောင်း ငြင်းဆိုခဲ့ကြပြီး တရားမျှတမှုရရှိရန် တောင်းဆိုခဲ့ကြသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here