မြဝတီတွင် တနေကုန်တိုက်ပွဲပြင်းထန် ထိုင်းနိုင်ငံပိုင်နက်အတွင်း ကျည်များကျရောက်

0
48
ပုံစာ - ထိုင်းစစ်သားများ (Photo - ထိုင်းသတင်းမီဒီယာ)

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတံတားဖြစ်သည့် ကရင်ပြည်နယ်၊ မြဝတီမြို့ ချစ်ကြည်ရေး အမှတ် (၂) တံတားတွင် တနေကုန် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေသည့်အတွက် ထိုင်းနိုင်ငံပိုင်နက်အတွင်း ကျည်များ ကျရောက်မှုလည်း ရှိနေသည်ဟု သိရသည်။

ဧပြီလ ၂၀ ရက်နေ့ မနက်ပိုင်းက စတင်ပြီး ညနေ ၅ နာရီခန့်ထိ စစ်ကောင်စီတပ်ဘက်က လေကြောင်းသုံး ဗုံးကြဲ တိုက်ခိုက်နေပြီး မြေပြင်တွင်လည်း KNLA ဦးဆောင်သည့် ကရင်တော်လှန်ရေးတပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်မှုများ ဖြစ်ပွားလျှက်ရှိသည်။

အမှတ် (၂) တံတားအနီးရှိ ဒေသခံတစ်ဦးက “တိုက်ပွဲအခြေအနေကတော့ ည (ဧပြီ ၁၉ ရက်နေ့) ကတည်းက ဖြစ်နေတာဗျာ။ ဒီနေ့ မနက် ၈ နာရီလောက်ကနေ စပြီးတော့ အခုလက်ရှိ စကားပြောနေတဲ့အချိန်ထိ (ထိုင်း စံတော်ချိန် ၅ နာရီထိ) လေယာဉ်က ကျနော်တို့ကို ဟယ်ရီကော်ပတာနဲ့လည်း တမျိုး၊ Y12 နဲ့ရော တနေကုန် လာကြဲနေတာ။ ၁၀ မိနစ်ခြား၊ ၅ မိနစ်ခြား၊ နာရီဝက်ခြား အဲ့ဒါမျိုး တနေကုန်ပဲ။ တချက်မှ မနားသေးဘူး။ ရပ်သွားလည်း ခဏပဲ၊ ခဏနေကြရင် လာကြဲလိုက်” ဟု ပြောသည်။

အဆိုပါ တိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်းသို့ လက်နက်ငယ်များ ထိမှန်ခြင်းရှိခဲ့ပြီး ချောင်းစပ်အနီးသို့ လက်နက်ကြီး သုံးလုံးခန့် ကျရောက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

မြန်မာစစ်ဘေးရှောင်များအား ကူညီနေသည့် အဝေးရောက် ဧရာဝတီအသင်း အတွင်းရေးမှူးကိုဖိုးသင်္ကြန်က “ဒီနေ့ ကျနော်တို့ ဒီမှာရှိနေချိန်မှာပဲ ထိုင်းဘက်ခြမ်းကို ကျည်ကျတာ ၃-၄ ခါလောက် ရှိသွားပြီ။ လက်နက်ငယ် ကျည်ပေါ့။ ချောင်းအစပ်မှာတော့ လက်နက်ကြီး နှစ်လုံးသုံးလုံး ကျတာတော့ ရှိတယ်ဗျ။ တိုက်ပွဲက နှစ်မျိုးဖြစ် နေတာ။ လက်နက်ကြီးပစ်တာ၊ လက်နက်ငယ်တိုက်ပွဲကလည်း အောက်မှာဖြစ်နေတယ်။ လေယာဉ်နဲ့ ကြဲနေတာမျိုးပေါ့” ဟု ပြောသည်။

မြဝတီမြို့တွင် ကျန်နေသည့် စစ်ကောင်စီခြေလျင်တပ်ရင်း -၂၇၅ က တပ်သားများက လက်နက်ချရန် ငြင်းဆန် သည့်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာမှ ဧပြီလ ၁၉ ရက်နေ့မှ စတင်ပြီး ဧပြီလ ၂၀ ရက်နေ့ ညနေပိုင်းအချိန်ထိ တိုက်ပွဲများ ဖြစ်ပွားလာခြင်းဖြစ်သည်ဟု ကိုဖိုးသင်္ကြန်က ဆက်ပြောသည်။

“စစ်တပ်တွေက တံတား (၂) ကို ကာဗာယူပြီးတော့ နောက်မှာ ထိုင်းဆိုပြီးတော့ လူလည်ကျတာဗျာ။ ပထမတော့ သူတို့က လက်နက်ချမှာလိုလို ဟိုဟာပဲဖြစ်မှာလိုလိုနဲ့ တကယ့်တကယ်ကြတော့ သူတို့က တံတားကနေပြီးတော့ ပထမတော့ သူတို့က ထိုင်းဘက်ထဲကိုပဲကူးမှာလိုလို ဘာလိုလိုနဲ့လေ တကယ့်တကယ်ကျတော့ ထိုင်းဘက်လည်း မကူးဘဲနဲ့ တံတားမှာပဲ ကတုတ်ကျင်းတွေ ဘာတွေတူးပြီးတော့ ခံစစ်ပြင်ပြီးတော့ ပြန်တိုက်တဲ့သဘော။ အောက်ကလည်း ဒီ ၅၅ တို့ ဘာတို့ကလည်း တက်လာတယ်ဆိုတော့ သူ့လူတွေ စစ်ကူလာတော့ ဘာညာဆို​တော့ ဒီကောင်တွေက အားရှိပြီးတော့ ချနေတာလား မသိပါဘူး။ တကယ့်တော့ မြဝတီလည်း မရောက်ပါဘူး။ လမ်းမှာပဲ ဖြတ်တိုက်ခံနေရတာ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ကူနေသည့်အပြင် မြဝတီမြို့ပေါ်ကို လေယာဉ်ဖြင့် ကင်းထောက် ပျံဝဲခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု မြေပြင်ရှိ စစ်ရေး သတင်းအရင်းအမြစ်များက ပြောသည်။

Y12 လေယာဉ်များဖြင့် ဗုံးကြဲပြီး Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်များဖြင့် ပစ်ခိုက်တိုက်ခိုက်လျက် ရှိသည်ဟုလည်း ၎င်းတို့က ပြောသည်။ တိုက်ပွဲတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှု အခြေအနေများကိုမူ မသိရသေးပါ။

ယခုကဲ့သို့ ဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်ခြမ်းက တိုက်ပွဲအခြေအနေများကို အနီးကပ် စောင့်ကြည့်နေကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောဆိုထားသည်။

အမှတ် (၂) တံတားအနီးရှိ မြန်မာတစ်ဦးက “ထိုင်းတွေကတော့ ဒီတံတားနားပတ်ဝန်းကျင် ဘယ်ညာပေါ့နော်၊ ဒီနယ်စပ်တလျှောက်မှာ စစ်ကားတွေ ချထားတယ်။ လက်နက်တွေ တင်ထားတဲ့စစ်ကားတွေ ချထားတယ်။ နောက်တချို့ တောင်ကုန်းတွေပေါ်မှာ ဆိုလို့ရှိရင် သူတို့ လက်နက်ကြီးတွေ နေရာယူထားတယ်။ လေယာဉ် ပစ်တွေဘာတွေ ဆင်ထားတယ်။ ကျန်တာကတော့ သူတို့ဘက်ကနေ ပြန်ပြီးတုန့်ပြန်တာ ဘာညာတော့ မရှိဘူးပေါ့နော်” ဟု ပြောသည်။

ထိုင်းနိုင်ငံဘက်ခြမ်းက စစ်ရေးအရ ပြင်ဆင်မှုများအပြင် မြန်မာဘက်ခြမ်း မြဝတီမြို့မှ ထိုင်းဘက်ခြမ်းရှိ မဲဆောက်မြို့ဘက်ကို ထွက်ပြေးလာသည့် မြန်မာစစ်ရှောင်များကိုလည်း နေရာထိုင်ခင်းများ ပြင်ဆင်ပေးခြင်း၊ ရွှေ့ပြောင်းပေးခြင်းများကို ကူညီလုပ်ဆောင်ပေးလျှက် ရှိသည်ဟု သိရသည်။

ထို့အပြင် မြန်မာစစ်ရှောင်များအတွက် လူသားချင်းစာနာမှု အကူအညီများပေးအပ်ရန် အသင့်ရှိကြောင်း ထိုင်းဝန်ကြီးက အသိပေး ပြောဆိုထားသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here