ပလက်ဝတွင် မိုင်းနင်းမိပြီး စစ်ရှောင်လူငယ်တစ်ဦး ခြေထောက်တစ်ဖက် ပြတ်ထွက်သွား

0
50

ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် မိုင်းနင်းမိပြီး အသက် ၁၈ နှစ်အရွယ် စစ်ဘေးရှောင်လူငယ်တစ်ဦး ဘယ်ဖက်ခြေထောက် ဒူးအောက်ပိုင်းမှ ပြတ်ထွက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်တော်မြို့၊ ညောင်ချောင်း စစ်ဘေးရှောင်စခန်းတွင်နေထိုင်သူ မောင်သိန်းစိုး (၁၈ နှစ်) သည် မူလနေရပ်ဖြစ်သည့် ပလက်ဝမြို့နယ်၊ လိပ်ခေါင်းဗျူဟာအနီးရှိ မိသားစုပိုင် ဥယျာဥ်ခြံမြေကို ပြန်လည်နေထိုင်ရန်အတွက် ရှင်းလင်းစဥ် မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

မိသားစုဝင်တစ်ဦးက “စစ်ရှောင်စခန်းမှာနေရတာက အရမ်းအခက်အခဲဖြစ်ကြတော့ အခု ပလက်ဝကို သိမ်းပြီးချိန်မှာ နေရပ်ပြန်ဖို့အတွက် ခြံရှင်းရင်း မိုင်းပေါက်ကွဲတာပါ။ AA ကတော့ အရှေ့ပိုင်းလောက်ပဲ ရှင်းရသေးလို့ ခြံအနောက်ပိုင်းတွေကို မသွားလာဖို့ ပြောဆိုထားပေမယ့် စားဝတ်နေရေးအတွက် စိတ်လောပြီး အခုလိုပဲ ဖြစ်သွားရတာပါ” ဟု ပြောသည်။

၂၀၂၀ ခုနှစ်ကတည်းက လိပ်ခေါင်းဗျူဟာအနီး ဖြစ်ပွါးခဲ့သည့် တိုက်ပွဲများကြောင့် ၄ နှစ် ကျော်ကြာ စစ်ဘေးရှောင်အဖြစ် နေထိုင်ခဲ့ကြရပြီး လက်ရှိတွင် စားဝတ်နေရေ အခက်အခဲကြောင့် နေရပ်ပြန်ပြီး နေထိုင်ရန် ခြံရှင်းရာမှ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် မောင်သိန်းစိုးကို ကျောက်တော်မြို့နယ်အတွင်းရှိ ဆေးခန်းတစ်ခုတွင် ဆေးကုသပေးထားကြောင်း သိရသည်။

ပလက်ဝမြို့နယ်အတွင်းမှ စစ်ဘေးရှောင်နေရသည့် ဒေသခံများသည် ပလက်ဝမြို့ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားသော်လည်း မိုင်းရှင်းလင်းရေးလုပ်ငန်းများ အပြည့်အဝ မလုပ်ဆောင်နိုင်သည့်အတွက် နေရပ်မပြန်နိုင်သေးကြောင်း ဒေသခံများက ပြောဆိုသည်။

နိရဥ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here