ရေတာရှည်၊ ဆွာမြို့အရှေ့ဘက်တွင် တိုက်ပွဲဖြစ်ပွားလို့ ဒေသခံထောင်နှင့်ချီ စစ်ဘေးတိမ်းရှောင်နေရ

0
45
ပုံစာ - ပုဝါနီစစ်ကြောင်း (Photo - လူမှုကွန်ရက်)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့အရှေ့ဘက်ခြမ်းတွင် ပြီးခဲ့သည့် ဧပြီ ၁၃ ရက်နေ့မှ ဧပြီ ၁၇ ရက်နေ့အထိ စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်းသုံး ပစ်ခတ်သဖြင့် ကျေးရွာပေါင်း ၈ ရွာမှ ဒေသခံထောင်ချီ စစ်ဘေးတိမ်းရှောင်နေရကြောင်း မြေပြင်သတင်း အရင်းအမြစ်များထံမှ သိရသည်။

စစ်တောင်းမြို့အနောက်ဘက်ကမ်းမှ စစ်ကောင်စီတပ်ရင်းက ဆွာအရှေ့ခြမ်းရှိ ဆွာရွာမ၊ ခင်တန်း၊ စည်ပိုင်း၊ ပိတောက်ကုန်း၊ ရွာသစ်၊ အနောက်ကုန်း၊ ထန်းပင်ကုန်း၊ ကိုးတန်းရွာ အစရှိသည့် ကျေးရွာ ၈ ရွာကို လေကြောင်း အပါအဝင် လက်နက်ကြီးသုံး၍ အကြိမ်ရေများစွာ ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒေသခံ ၂ ထောင်ထက်မနည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရခြင်း ဖြစ်သည်။

ဧပြီ ၁၃ ရက်နေ့က တော်လှန်ရေးတပ်များ ရှိနိုင်မည့်နေရာများကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ခန့်မှန်းပစ်ခတ်ခဲ့ရာ ဒေသခံရွာသားအချို့ ထိခိုက်မှုရှိခဲ့ကြောင်းနှင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ စတင်ပြင်းထန်လာခြင်း ဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောပါသည်။

“သင်္ကြန်အကြိုနေ့ကတည်းက ငှက်ပျောတောရွာတံတားကနေ စစ်ကောင်စီတပ် အင်အား၇၀ လောက် စစ်ကြောင်းထိုးလာပြီး ကိုးတန်းရွာမှာ တပ်ထိုင်ထားတာ။ ပြီးတော့ အနောက်ဘက်ကမ်းကနေ အမြှောက်နဲ့ လှမ်းပစ်တယ်။ နှစ်ဆန်းတစ်ရက်နေ့အထိ စစ်တောင်းအနောက်ဖက်ခြမ်းကနေ အမြှောက်တွေနဲ့ တရစပ် ထုတယ်။ လူတွေကတော့ ရှောင်နေရတုန်းပဲ။ တပ်က အခုထိ ပြန်မထွက်သွားသေးဘူး။ လက်ရှိ ခင်တန်း၊ ကျိပ်ပုတီး၊ ထန်းပင်ကုန်းရွာတွေမှာ နေရာပြန်ယူထားတယ်” ဟု အဆိုပါဒေသခံက ပြောသည်။

ဧပြီ ၁၇ ရက်နေ့က အနောက်ကုန်းရွာအပါအဝင် ရွာပေါင်း ၄ ရွာကို လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာတွင် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိထား သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

ဧပြီ ၁၇ ရက်နေ့ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်အင်အား ၃၀ ကျော် ထိခိုက်ကျဆုံးခဲ့သည့်အတွက် ၎င်းတပ်ဖွဲ့ဝင်များ၏ ရုပ်အလောင်းများကို ပြန်လည်သယ်ယူရန် ထိုကဲ့သို့ လက်နက်ကြီးနှင့် ဆက်တိုက် ပစ်ခတ် ခြိမ်းခြောက်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံအချို့က ယခုလိုပြောပါသည်။

အမည်မဖော်လိုသူဒေသခံတစ်ဦးက “တပ်ဘက်က ၃၀ ကျော် လောက် ကျတယ် ကြားတယ်။ မနေ့ညက လက်နက်ကြီးပစ်တာ သူတို့ဘက်ကကျတဲ့ အလောင်းတွေ ပြန်ကောက်ဖို့ ခြိမ်းခြောက်ပြီးပစ်တဲ့ ပုံစံလို့ ယူဆရတယ်။ အလောင်းကောက်ပြီးမှ စစ်တပ်ဘက်က တပ်ကူတွေရောက်လာတာ အခုကတော့ ခင်တန်းရွာမှာ မွှေနေတယ်ကြားတယ်” ဟု ပြောသည်။

ရေတာရှည်မြို့နယ်အခြေစိုက် ပုဝါနီစစ်ကြောင်းနှင့် သံတောင်အထူးဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အပါအဝင် တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသော အဆိုပါတိုက်ပွဲအတွင်း ပူးပေါင်းတပ်ဘက်မှ တပ်ဖွဲ့ဝင်၂ ဦး ကျဆုံးမှုရှိကြောင်း သိရှိရသော်လည်း ဆက်သွယ်အတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

ဧပြီ ၁၇ ရက်နေ့က တိုက်ပွဲပြီးနောက် လက်ရှိတွင် စစ်ကောင်စီဘက်က အင်အားထပ်မံတိုးချဲ့ထားပြီး အထက်ပါကျေးရွာများအတွင်း တပ်စွဲနေထိုင်နေသဖြင့် အချိန်မရွေး ထိတွေ့တိုက်ပွဲ ပြန်လည်ဖြစ်ပွားမည့်အရေး စိုးရိမ်နေရကြောင်း ဒေသခံများထံမှ သိရသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here