စစ်တွေမြို့ပေါ်တွင် စားနပ်ရိက္ခာပြတ်တောက်၊ ဆန်တစ်ပြည် ကျပ် ၁ သောင်း ပေးဝယ်နေကြရ

0
101
ပုံစာ - စစ်တွေဈေးအတွင်း။

စစ်ကောင်စီအုပ်ချုပ်မှုအောက်ရှိ ရခိုင်ပြည်၊ စစ်တွေမြို့ပေါ်တွင် စားနပ်ရိက္ခာပြတ်တောက်နေပြီး ဆန်တစ်ပြည်ကို ကျပ်၁ သောင်းအထိ ဈေးကြီးပေးဝယ်ယူနေကြရပြီး ငတ်ပြတ်နေသူများလည်း ရှိနေကြောင်း မြို့ခံများ ပြောဆိုမှုအရ သိရသည်။

စစ်တွေမြို့သို့ ကုန်းလမ်းခရီးပိတ်ဆို့ခံထားရပြီး ရေကြောင်းလမ်းကို စစ်ကောင်စီ ရေယာဉ်တချို့မှလွဲ၍ သွားလာခွင့် မရှိသဖြင့် စားနပ်ရိက္ခာများ ပြတ်တောက်လာနေပြီး စားစရာမရှိသူများမှာ လူမရှိတော့သည့် နေအိမ်များကိုဖျက်၍ ရောင်းချစားသောက်နေကြရသည်ဟုလည်ု စစ်တွေမြို့ခံတစ်ဦးက ပြောပါသည်။

“ဆန်လေးလုံးကို ငါးထောင်ကျော် ပေးရတယ်။ စားဖို့မရှိတော့ စစ်ဘေးရှောင်သွားကြတဲ့အိမ်တွေကို ဖြိုပြီး ရောင်းကြတယ်။ မနေ့ကလည်း အရင်ဆို သိန်းနှစ်ဆယ်၊ သုံးဆယ်တန်မဲ့ သစ်တစ်ပုံ နည်းတာကြီးမဟုတ်ဘူး။ ကားကြီးတစ်စီးလုံး အပြည့်ကို သုံးသိန်းတည်းနဲ့ လာရောင်းသွားတာ တွေ့တယ်။ ရပ်ကွက်ထဲက အိမ်တွေ အကုန်လုံးကို ဖျက်ရောင်းချ စားနေကြတယ်။ အလုပ်မှ မရှိကြတာကို။ စားစရာမရှိတော့ လုပ်နေကြပြီ” ဟု အဆိုပါစစ်တွေမြို့ခံက ပြောသည်။

ရောင်းချကြသည့် သစ်၊ ဝါးနှင့် အိမ်အသုံးအဆောင်ပစ္စည်းများကို စီးပွားရေးသမားများက ဈေးအနည်းငယ်ဖြင့် နှိမ်ချဝယ်ယူကြသည်ဟု ၎င်းက ဆက်ပြောသည်။

“စီးပွားရေးသမားတွေ ဝယ်တယ်။ လူတွေကလည်း စားစရာမှ မရှိကြတော့တာ။ မိုခါတုန်းကလည်း စားစရာ မရှိအောင် ဖြစ်ခဲ့ကြပြီ။ အခုလည်း စားစရာမရှိ ဖြစ်နေကြပြီ။ စစ်တွေမြို့ပေါ်မှာ ဘယ်သူကမှ လာပြီး ကယ်ဆယ်ရေး လုပ်ပေးတာလည်း မရှိပါဘူး။ လုံးဝ စားလို့မရတဲ့ဆန်တောင် လေးလုံးကို သုံးထောင်ကျော် ပေးရတယ်Ó ဟု ၎င်းက ပြောဆိုသည်။

ရခိုင်တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှစ၍ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲပြင်းထန်နေသည့်မှာ ၅ လ နီးပါး ကြာမြင့်လာပြီဖြစ်သည်။ တိုက်ပွဲကာလအတွင်း AA က ပလက်ဝအပါအဝင် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ မြို့နယ်တို့ကို သိမ်းပိုက်ထားသည်။ လက်ရှိ တွင်လည်း ရခိုင်ပြည်မြို့တော် စစ်တွေအထိ ချဉ်းကပ်လာနိုင်ပြီဖြစ်သည်။

စစ်တွေမြို့ခံအမျိုးသမီးတစ်ဦးက “အမေအိုကို ထမင်းတောင်နပ်မှန်အောင် မကျွေးနိုင်တော့ဘူး။ အကုန်ငတ် နေကြပြီ” ဟု ပြောသည်။

ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ရရှိထားသည့် မြို့နယ်တချို့တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးနေပြီး စစ်တွေမြို့သည် စစ်ကောင်စီလွှမ်းမိုးထားသည့် နယ်မြေဖြစ်သဖြင့် လွတ်မြောက် နယ်မြေများသို့ အမြန်ဆုံးထွက်ခွာကြရန် စစ်တွေဒေသခံများကို AA က တိုက်တွန်းထားသည်။

သို့ရာတွင် လမ်းခရီးအခက်အခဲများ၊ စစ်တွေမြို့အတွင်းတွင် လက်လုပ်လက်စား၊ သက်ကြီးရွယ်အို၊ အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် လူသောင်းနှင့်ချီ၍ ပိတ်မိနေသေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်တွေမြို့သည် ပြီးခဲ့သည့် ၂ဝ၂၃ ခုနှစ် မေ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် မြို့ခံအခြေခံ လက်လုပ်လက်စားများ အနေဖြင့် ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ကြုံတွေ့ခဲ့ကြရကြောင်း ဒေသခံများ ပြောဆိုမှုအရ သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here