တော်လှန်ရေး ၃ နှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ထက်မနည်းကို သုတ်သင်ရှင်းလင်းဟု CNO/CNDF ပြော

0
50

ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF အနေဖြင့် တော်လှန်ရေး ၃ နှစ်တာ ကာလအတွင်း တိုက်ပွဲပေါင်း ၁၇၀ ကျော် ပါဝင်ဆင်နွှဲခဲ့ရာတွင် စစ်ကောင်စီဘက်မှ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် ၇၀၀ ထက်မနည်းကို သုတ်သင် ရှင်းလင်းနိုင်ခဲ့သည်ဟု CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်က ပြောသည်။

“စစ်ကောင်စီဘက် အသေအကြေကတော့ ၃ နှစ်အတွင်းမှာ အတိအကျကြီး ပြောလို့တော့မရပေမယ့် ခန့်မှန်းခြေ က ၇၀၀ နဲ့ ၁၀၀၀ ကြားတော့ သေကြပါလိမ့်မယ်” ဟု ဆလိုင်းကျုံးငိုင်က ပြောသည်။

နွေဦးတော်လှန်ရေး ၃ နှစ် ကာလအတွင်း စခန်းသိမ်းတိုက်ပွဲ ၉ ကြိမ် အပါအဝင် တိုက်ပွဲ ၁၇၀ ကျော် အတွင်း ကျဆုံးရဲဘော်အပါအဝင် အမျိုးသားတာဝန်ကို ထမ်းဆောင်ရင်းကျဆုံးသူ CNDF ရဲဘော် ၄၈ ဦး ရှိခဲ့ပြီး မသန်စွမ်း ဖြစ်ခဲ့ရသူ ရဲဘော် ၄၂ ဦးအထိ ရှိခဲ့သည်ဟု ဆလိုင်းကျုံးငိုင်က ဆက်ပြောသည်။

တိုင်းပြည်နှင့် အမျိုးသားလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ခဲ့ရာမှ မျက်စိကွယ်သွားသော ရဲဘော်များကို မျက်မမြင်ကျောင်းထားပေးခြင်း၊ ရဲဘော်များကို ခြေတုလက်တုများ တပ်ဆင်ပေးခြင်းနှင့် လိုအပ်သော ဆေးဝါးကုသမှုများကို ပြုလုပ်ပေးနေကြောင်း CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်က ဆိုသည်။

“မျက်မမြင်တဲ့ ရဲဘော်တွေကို မျက်မမြင်ကျောင်းထားပေးပြီး အသက်မွေးဝမ်းကျောင်းနိုင်တဲ့အထိ ကျောင်းထားပေး တာမျိုးတွေ ရှိတယ်။ နောက်ပြီးတော့ ခြေတု၊လက်တု တပ်ဆင်ပေးတာမျိုးတွေ လုပ်နေပါတယ်။ ခြေလက်အင်္ဂါ မစုံတဲ့သူတွေကိုတော့ သူတို့တာဝန်ထမ်းဆောင်ချင်ရင် သူတို့နဲ့ သင့်တော်တဲ့ဌာနမှာ ပြန်လည် တာဝန်ထမ်းဆောင်စေပါတယ်” ဟု ၎င်းက ပြောသည်။

မျက်မမြင်ရဲဘော်များအတွက် ကျောင်းထားပေးသည့် စရိတ်များ၊ ခြေတုလက်တု တပ်ဆင်ပေးရန်နှင့် ဆေးဝါးကုသရန် ကုန်ကျစရိတ်များ ရှိနေသည့်အတွက် ငွေကြေးထောက်ပံ့မှုများလည်း လိုအပ်နေကြောင်း သိရသည်။

CNO/CNDF သည် ဖလမ်းမြို့နယ်နှင့် အထက်ချင်းတွင်းဒေသများတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံသော ပြည်သူ့အုပ်ချုပ်ရေး စနစ်များကို အကောင်အထည်ဖော်ခဲ့ရာ၌ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး လုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုကယ်ဆယ်စောင့်ရှောက်ရေးများကို တပိုင်တနိုင် ဆောင်ရွက်လာနိုင် ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဘေးရန်နှင့် ချင်းမျိုးနွယ်စုများအကြား စည်းလုံးမှု ပြိုကွဲစေရန် သွေးထိုးနေသူများ၏ ဘေးရန်ကို ဟန်ချက်ညီညီ ထိန်းသိမ်းကာကွယ်နေကြောင်း CNO/CNDF ထုတ်ပြန်သည်။

ချင်းညီနောင်မှတဆင့် ချင်ပြည် စုစည်းတည်ထောင်ပြီး ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေး CRPH၊ NUCC၊ NUG ၊ ICNCC တို့နှင့် လက်တွဲပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EROs) များအပါအဝင် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်ဟုလည်း သိရသည်။

ချင်းအမျိုးသားများ၏ အကျိုးစီးပွားကာကွယ်ရန်နှင့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေး ပူးပေါင်း ညှိနှိုင်းဆောင်ရွက်နေသကဲ့သို့ စစ်ကောင်စီအပါအဝင် မည်ကဲ့သို့သော အာဏာရှင်မျိုးကိုမဆို တွန်းလှန်ချေမှုန်း သွားမည်ဖြစ်ကြောင်း CNO/CNDF က ဧပြီလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here