မင်းတပ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၃ လအတွင်း ပြည်သူ ၁၀ ဦးသေဆုံး၊ ၁၃ ဦးဒဏ်ရာရ

0
71

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီ၏ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးနှင့် Cluster ဗုံး အပါအဝင် လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ်တွင် ၃ လအတွင်း အရပ်သားပြည်သူ ၁၀ ဦးသေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း CDF – မင်းတပ် ပြောဆိုသည်။

ပြီးခဲ့သည့် ၃ လအတွင်း မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး၊ နိုင်ငံတကာက ပိတ်ပင်ထားသော Cluster (ထပ်ဆင့်ပေါင်ကွဲဗုံး) ဗုံး၊ မီးလောင်ဗုံးနှင့် ရောကတ်များအပါအဝင် လေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ် ပြုလုပ်ခဲ့ကြောင်း CDF – မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်းက ယခုလို ပြောသည်။

“နေအိမ်အဆောက်အဦးတွေ အထိအခိုက် နည်းပေမယ့် ၃/၄ ရက်လောက်ကို တောမီးတွေလောင်ကုန်တယ်။ ဆိုးကျိုးက လေယာဉ်ဗုံးကြဲတယ်၊ နေစရာတွေ ပျက်စီးတယ်။ ဒီ့အပြင် ပြည်သူတွေက မီးကူးမှာစိုးလို့လည်း လုပ်ရတယ်။ အဲဒီအချိန်မှာ ကောင်းကင်မှာ ကင်းထောက်လေယာဉ်ကလည်း တောက်လျှောက် အပေါ်က ဝဲပြီးတော့ ဘယ်အချိန်များ ထပ်လာကြဲမလဲဆိုတဲ့ အကြောက်တရားတွေနဲ့ တော်တော်လေးကို ပြင်းပြင်းထန်ထန် တိုက်ခိုက်တယ်လို့ ပြောလို့ရတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ် တိုက်နယ် (၁) က ပန်းပါရွာ၊ တိုက်နယ် (၂) က ဝမ္မသူးဝါ၊ တိုက်နယ် (၃) က ကီးသာရွာတို့မှ အရပ်သားပြည်သူ ၄ ဦးနှင့် မင်းတပ်မြို့နယ်ခြား ပလက်၀မြို့နယ် နှုမ်းရွာမှ ဓာတ်ဆီကယ်ရီသမား ၆ ဦး အပါအဝင် စုစုပေါင်း ၁၀ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ထို့အပြင် အရပ်သားပြည်သူ နေအိမ် ၃၉ လုံး ထိခိုက်ပျက်စီးပြီး ဘုရားကျောင်း ၃ ဆောင်၊ စာသင်ကျောင်း (၂) ဆောင် ပျက်စီးခဲ့ကြောင်း CDF – မင်းတပ် ထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ မှ မတ်လ အထိ လက်နက်ကြီးပစ်ခတ်မှု အကြိမ်ရေများစွာပြုလုပ်ခဲ့ရာ ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့နေအိမ် ၁၀ လုံး ပျက်စီးခဲ့သည်ဟု ဆိုသည်။

“လက်နက်ကြီးနဲ့ ပစ်တာက နေ့စဉ်လိုကို ဖြစ်နေပြီ။ တနေ့မဟုတ်၊ တနေ့ အရပ်ရှစ်မျက်နှာကို ပစ်နေတာပဲ။ အခုလိုလမျိုးက ပိုပစ်တယ်။ မင်းတပ်မှာက တိုက်ပွဲမရှိဘဲနဲ့ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာပါ။ အဲဒါကြောင့် ကျနော်တို့က လူမျိုးသုန်းသတ်ဖြတ်မှုလို့ကို သုံးလို့ရတယ်။ အပြစ်မဲ့ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုလို့ ပြောလို့ရတယ်” ဟု ဆလိုင်းဟာအွမ်းက ပြောသည်။

ယင်းအပြင် စစ်ကောင်စီက အများပြည်သူလမ်းများတွင် မြေမြှပ်မိုင်းများစွာ ထောင်ထားသောကြောင့် ၃ လအတွင်း အရပ်သားပြည်သူ ၂ ဦး ခြေတစ်ဖက်ဆုံးရှုံးခဲ့ရပြီး ၁ ဦးမှာ ကျောပြင်တွင် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

တဖက်တွင်လည်း စစ်ကောင်စီက ၃ လအတွင်း အရပ်သားပြည်သူ ၃၀ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၀ ဦးကို ယနေ့ချိန်ထိ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း CDF – မင်းတပ်ထံမှ သိရသည်။

လတ်တလောတွင် ဖမ်းဆီးခံထားရသော အရပ်သားပြည်သူများ၏ အခြေအနေများကို စုံစမ်းနေဆဲဖြစ်ပြီး စစ်ကောင်စီက ဖမ်းဆီးခဲ့သူများကို စစ်ခုံရုံးဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လေ့ရှိသည်ဟုဆိုသည်။

မတ်လနှင့် ဧပြီလများတွင် စစ်ကောင်စီသည် လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လေ့ရှိသောကြောင့် ပြည်သူများ သတိထားနေထိုင်ကြရန် CDF – မင်းတပ်က သတိပေးနှိုးဆော်ထားသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here