အများပြည်သူပိုင်မြေပေါ် ရွှေမတူးဖော်ရန် ဗန်းမောက် (ပအဖ) တားမြစ်

0
46
Photo – CJ

စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ်ရှိ အများပြည်သူပိုင်သည့် မြေယာများပေါ်တွင် ရွှေတူးဖော်ခြင်းမပြုလုပ်ရန် ဗန်းမောက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က သတိပေးတားမြစ်စာကို ပြီးခဲ့သည့်မတ်လက ထုတ်ပြန်ခဲ့ပြီးနောက် ယခုဧပြီလ၌ ထပ်မံအသိပေး ထုတ်ပြန်လာသည်။

ဗန်းမောက် (ပအဖ) ၏ သတိပေးတားမြစ်ချက်စာကို တစ်လအကြာ ဧပြီလ ၁၁ ရက်နေ့တွင် ၎င်းတို့၏ ဗန်းမောက် (ပအဖ) ၏ လူမှုကွန်ရက်စာမျက်နှာမှ ထပ်ဆင့်ကြေညာလာခြင်းလည်း ဖြစ်သည်။

ဗန်းမောက် (ပအဖ) က အများပြည်သူပိုင်သည့် မြေယာများပေါ်တွင် ရွှေတူးဖော်ခြင်း မပြုလုပ်ရန် တားမြစ် လိုက်သည့်အထဲတွင် သစ်တာစိုက်ခင်းများ၊ လယ်ယာမြေများ၊ အများပြည်သူ အသုံးပြုသည့် ချောင်း/မြောင်း များ၊ ရွာပိုင်မြေ၊ သာသနာပိုင်မြေ၊ လမ်းမြေ စသည်တို့ ဖြစ်သည်။

ထိုသိုတားမြစ်မှုနှင့်ပတ်သက်ပြီး ဗန်းမောက်မြို့ရှိ ရွှေလုပ်ငန်းရှင်တစ်ဦးက “အရင်က နိုင်ငံရေးကောင်းစဥ် ကာလတုန်းကလည်း တူးခဲ့ကြသလို လက်ရှိကလည်း တူးနေကြတုန်းပါပဲ။ အရင်တုန်းကလည်း လုပ်နေကြသလို အခု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါ်လာပြီဖြစ်တော့လည်း အခွန်ခတွေပေးပြီးတော့မှ လုပ်ဆောင်နေကြတာပါပဲ။ အရင်တုန်းကထက်စာလိုက်ရင် အခုက အခွန်ခတွေ ပိုပြီးတော့မှ များလာတာ” လို့ ပြောဆိုသည်။

လုပ်ငန်းရှင်များက သတိပေးတားမြစ်ချက်များကို မလိုက်နာပါက သယံဇာတဆိုင်ရာ လုပ်ထုံးလုပ်နည်း များအတိုင်း အပြစ်ပေးအရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဗန်းမောက် (ပအဖ) က သတိပေးထုတ်ပြန်ထားပြီး တစ်လကြာမြင့်လာသော်လည်း အများပြည်သူပိုင် မြေများတွင် ရွှေတူးဖော်မှုများ ဆက်လက်လုပ်ကိုင်နေကြဆဲဖြစ်ကြောင်း မြို့ခံများ၏ပြောဆိုမှုအရ သိရသည်။

“အရင်တုန်းကထက်ကို ပေးဆောင်မှုကဏ္ဍတွေ များလာတဲ့အခါကြတော့ သူတို့ရဲ့ လုပ်ငန်းပျက်မှာကိုလည်း သူတို့ကြောက်တယ်။ လုပ်ငန်းပျက်မှာကို ကြောက်တဲ့အခါကြတော့ မပြောရဲကြဘူး။ အလုပ်ကို ပုံမှန်ပဲလုပ်နေရရင် တော်ပြီ။ သူတို့တောင်းသလောက် ပေးလိုက်မယ်ဆိုတဲ့စိတ် လုပ်ငန်းရှင်တွေဆီမှာရှိတယ်” ဟု ဗန်းမောက်မြောက်ပိုင်းဒေသရှိ လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

ဗန်းမောက်မြို့နယ် တစ်နယ်လုံးတွင် ပြည်သူပိုင်မြေနေရာများ၌ ရွှေသယံဇာတ တူးဖော်ခဲ့ကြသည်မှာ စစ်ကောင်စီက အာဏာမသိမ်းခင်ကတည်းက ရှိနေခဲ့ပြီး လက်ရှိအချိန်အထိလည်း တူးဖော်မှုများ ဆက်လက်ရှိနေဆဲဖြစ်ပါသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here