KNU က ကျယ်ပြန့်လာသည့်နယ်မြေများတွင် အစားထိုးအုပ်ချုပ်ရေးလုပ်ဆောင်ရန် လူငယ်၊ လူရွယ်များကို ဖိတ်ခေါ်

0
41
ပုံစာ - KNU ပြောခွင့်ရပဒိုစောတောနီး (Photo – KIC)

ကရင်အမျိုးသားအစည်းအရုံး – KNU အုပ်ချုပ်မှုနယ်မြေများ ကျယ်ပြန့်လာသည့်အပေါ်တွင် အဆိုပါနယ်မြေများအား KNU နှင့် ပူးပေါင်းလက်တွဲပြီး အစားထိုးအုပ်ချုပ်ရေးလုပ်ဆောင်နိုင်ရန် လူငယ်၊ လူရွယ်များကို KNU က ဖိတ်ခေါ်ထားသည်။

NUCC ၏ ဒုတိယအကြိမ်မြောက် ပြည်သူ့ညီလာခံကျင်းပပြီးစီးမှုနှင့် ပတ်သက်သည့် ဧပြီ ၁၂ ရက်နေ့က အွန်လိုင်းအစီအစဥ်ဖြင့် ကျင်းပပြုလုပ်သော အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ- သတင်းစာရှင်းလင်းပွဲ၌ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအင်အားစုများကိုယ်စား KNU ပြောခွင့်ရပုဂ္ဂိုလ်ပဒိုစောတောနီးက တက်ရောက်ရာတွင် ထိုသို့ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ KNU နှင့် လက်တွဲပူးပေါင်းလိုသူ လူငယ်လူရွယ်များသည် တော်လှန်ရေးလုပ်ဆောင်လိုပါက လက်နက်ကိုင်စစ်မှုထမ်းရန် နည်းလမ်းတစ်ခုတည်းမဟုတ်ဘဲ KNU က တိုးချဲ့အုပ်ချုပ်လာနိုင်သော နယ်မြေများ၏အစားထိုးအုပ်ချုပ်ရေး ဆောင်ရွက်ရာတွင်လည်း တာဝန်ထမ်းဆောင် နိုင်ကြောင်း အဆိုပါသတင်းစာရှင်းလင်းပွဲ၌ KNU ပြောခွင့်ရက ယခုလိုပြောဆိုသည်။

“တော်လှန်ရေးလုပ်တဲ့အခါ စစ်မှုထမ်းမှမဟုတ်ဘူး ကျနော်တို့ရဲ့နယ်မြေတွေ အများကြီးကျယ်ပြန့်လာတဲ့ အပေါ်မှာ အုပ်ချုပ်ရေးပြန်အစားထိုးဖို့လည်း လူငယ်၊လူရွယ်တွေကို ဖိတ်ခေါ်ပါတယ်။ လူငယ်တွေဟာ ကျနော်တို့ဆီ ရောက်လာမယ်ဆိုရင် ဖြစ်နိုင်တဲ့နည်းလမ်းနဲ့ အကုန်လုံးကိုလက်တွဲပြီးတော့ နယ်မြေတွေမှာ ကောင်းမွန်တဲ့အုပ်ချုပ်ရေး ချမှတ်နိုင်ဖို့ ကျနော်တို့ကြိုးစားနေပါတယ်” ဟု ပဒိုစောတောနီးက ပြောသည်။

ထို့အပြင် ပြည်သူအားလုံးအနေဖြင့် စစ်ကောင်စီ၏စစ်မှုထမ်းဥပဒေအပေါ် မိမိတို့တတ်နိုင်သည့်နည်းလမ်းဖြင့် ဆန့်ကျင်ကြရန်နှင့် မလွှဲမရှောင်သာ၍ စစ်ကောင်စီလက်အောက် တာဝန်ထမ်းနေရသည့် လူငယ်များအဖြင့်လည်း ဆန့်ကျင်တော်လှန်ကြရန် KNU က တိုက်တွန်းထားသည်။

KNU အနေဖြင့်လည်း ချင်းအမျိုးသားတပ်ဦး-CNF, ကချင်လွတ်မြောက်ရေးအဖွဲ့-KIO, ကရင်နီအမျိုးသား တိုးတက်ရေးပါတီ-KNPP, အမျိုးသားညီညွှတ်ရေးအစိုးရ-NUG တို့ ပါဝင်သော K3C ဖွဲ့စည်းပြီး စစ်အာဏာရှင်စနစ် အမြတ်ပြတ်ရေးပါဝင်သည့် ဘုံသဘောတူညီချက်များအား ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က လူထုထံ အတိအလင်း ထုတ်ပြန်ဆောင်ရွက်လျက်ရှိသည်။

၎င်း၏မိတ်ဖက်အဖွဲ့များနှင့် ဘုံရန်သူစစ်ကောင်စီကို တိုက်ခိုက်ရန် လက်တွဲလုပ်ကိုင်နေသော်လည်း မြေပြင် အခြေအနေ၊ ပြည်သူလူထုအခြေအနေနှင့် ကိုက်ညီမှုမရှိပါက လက်တွဲဖြုတ်သင့်ဖြုတ်ရမည် ဖြစ်ကြောင်းလည်း KNU ပြောခွင့်ရက သတင်းစာရှင်းလင်းပွဲတွင် ယခုလို ပြောဆိုသွားသည်။

ပဒိုစောတောနီးက “မိတ်ဖက်ဆိုတာက ဘုံရန်သူကိုတိုက်ခိုက်တဲ့နေရာမှာတော့ ကျနော်တို့လက်တွဲပြီးတော့ လုပ်ဆောင်မယ်ဆိုပေမယ့် ကျနော်တို့အခြေအနေ ကျနော်တို့လူထုတွေနဲ့ သဟဇာတမဖြစ်တော့ဘူးဆိုရင် မိတ်ဖက်ကိုလည်း ဖြုတ်သင့်ဖြုတ် လက်တွဲသင့်လက်တွဲရပါမယ်။ စစ်အာဏာရှင်ကိုတိုက်တဲ့အခါ လက်တွေ့မှာ မြေပြင်နဲ့မကိုက်ဘူးဆိုရင် ဖြုတ်သင့်ဖြုတ်ရမှာပဲ လက်တွဲသင့်တွဲရမှာပါ” ဟု ပြောပါသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးအစုအဖွဲ့များနှင့် ပူးပေါင်း၍ စစ်ရေးပိုမိုလှုပ်ရှားလာသော ကေအဲန်ယူအနေဖြင့် ၎င်းတို့ထိန်းချုပ်နယ်မြေများတွင် စစ်အစိုးရအုပ်ချုပ်ရေးချုပ်ငြိမ်းပြီး KNU နယ်မြေစိုးမိုးမှု အပြည့်အဝရရှိရန် ကြိုးပမ်းဆောင်ရွက်မှု အားကောင်းလာသလို ယခုနှစ်အတွင်းတွင်လည်း စစ်ကောင်စီ တပ်စခန်းသိမ်းတိုက်ပွဲများ ဆောင်ရွက်နိုင်ခဲ့သည်။

ထို့အတူ ယခုလအတွင်း ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့တစ်မြို့ဖြစ်သည့် မြဝတီမြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို KNU လက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ပူးပေါင်းတပ်တို့က သိမ်းပိုက်ထားနိုင်ခဲ့သလို မြို့လုံခြုံသောအခြေအနေရောက်ပါက အုပ်ချုပ်ရေးချမှတ်၍ တရးဥပဒေစိုးမိုးရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း KNU က ဧပြီလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here