ရေးမြို့အခြေစိုက် ခလရ ၂၉၉ တပ်ရင်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့များ ဝင်တိုက်ခိုက်

0
44
Photo - MSRF

မွန်ပြည်နယ်၊ ရေးမြို့နယ် ကိုးမိုင်ကျေးရွာအခြေစိုက် စစ်ကောင်စီ အမှတ်၂၉၉ ခြေလျင်တပ်ရင်းကို တော်လှန်ရေး အင်အားစုပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်သည့်အတွက် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများ ထံက သိရသည်။

ရေးမြို့အခြေစိုက် ခလရ ၂၉၉ တပ်ရင်းကို ဧပြီ ၁၂ ရက်နေ့ မနက်အစောပိုင်းက စတင်ပြီး တော်လှန်ရေး အင်အားစုပူးပေါင်းတပ်ဖွဲ့များက အင်အားအလုံးအရင်းနှင့် ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

ထိုသို့တိုက်ခိုက်မှုကြောင့် ခလရ ၂၉၉ တပ်ရင်းထဲတွင် နှစ်ဖက်အကြား တိုက်ပွဲဆက်လက်ပြင်းထန်ပြီး စစ်ကောင်စီဘက်က လေယာဉ်နှင့်အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေသည်ဟု ဒေသခံများ၏ပြောဆိုမှုအရ သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်တာကြောင့် ကိုးမိုင်ကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာတချို့တွင် မီးလောင်မှုများဖြစ်ပွားနေပြီး ဒေသခံများသည်လည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

ခလရ ၂၉၉ တပ်ရင်းတိုက်ပွဲသည် ဧပြီ ၁၂ ရက် နေ့လည် ၃ နာရီ အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက တပ်ရင်းမကျစေရေးအတွက် လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ် လုပ်ဆောင်နေသည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။

နှစ်ဖက်တိုက်ပွဲကြောင့် ရေး – ထားဝယ် ကားလမ်းပိုင်း၌ ခရီးသွားကားများ ရာနှင်ချီပိတ်မိနေပြီး အများစုမှာ နောက်ကြောင်းပြန်လှည့်သွားကြသည်ဟု ခရီးသွားပြည်သူများ၏ ပြောပြချက်အရ သိရသည်။

အလားတူ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့များသည် ဧပြီလ ၁၂ ရက်နေ့မှာပင် မွန်ပြည်နယ်နှင့် တနင်္သာရီ နယ်စပ်ရှိ မလွှဲတောင်စစ်ဆေးရေးဂိတ်ကိုပါ ဝင်ရောက်သိမ်းပိုက်လိုက်ပြီလို့ သတင်းများ ထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

လက်ရှိတိုက်ပွဲနှင့် ပတ်သက်ပြီး စစ်ကောင်စီအပြင် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များဘက်က တစုံတရာ သတင်းထုတ်ပြန်တာ မတွေ့ရှိရသေးပါ။

ရေးမြို့အခြေစိုက် ခလရ ၂၉၉ တပ်ရင်းမှာ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ကို ရှေ့တန်းပို့ဆောင်ခံထားရသည့် တပ်ရင်းဖြစ်ပြီး တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးနေလင်းထွန်း အပါအဝင် တပ်ဖွဲ့ဝင်အများအပြားကို ရက္ခိုင့်တပ်တော် AA က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားသည်ဟု သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here