ထားဝယ်အထူးစီးပွားရေးဇုန်ဒေသထဲ စစ်ကြောင်းထိုးနေလို့ ဒေသခံထောင်ချီထွက်ပြေးနေရ

0
61
Photo - CJ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ကျေးရွာတွေထဲကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည့်အတွက် ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောပါသည်။

ဧပြီ ၇ ရက်နေ့ ကစတင်ပြီး တပ်အင်အား ၁၅၀ ကျော်ပါသည့် စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိ ကျေးရွာများထဲကို အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးဝင်ရောက် လာတာဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်လာတာကြောင့် နဘုလည်၊ ဝက်ချောင်း၊ ခမောက်ချောင်း၊ ကဒက်အိုင်၊ ဧကနိ၊ ရငဲ၊ မုဒူး၊ ထိန်ကြီး၊ လဲ့ရှောင်၊ ပရဒက်ရွာတို့ အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်က ဒေသခံထောင်နှင့်ချီ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

အဆိုပါစစ်ကြောင်းသည် ဧပြီ ၈ ရက်နေ့ မနက်ပိုင်းတွင် ဝက်ခေါင်းဘက်နေ ခမောက်ချောင်း၊ ကဒက်အိုင်ဘက်ကို ရောက်ရှိနေပြီး ထားဝယ်အထူးစီးပွားရေးဇုန်ဒေသရှိရာ နဘုလည်ဒေသထဲ ဦးတည်သွားနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ထိုသို့စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာပေမယ့် လက်ရှိအချိန်အထိ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် နှစ်ဖက်တပ်အကြား တိုက်ပွဲဖြစ်ပွားတာ မရှိသေးဘူးဟု ဒေသခံများထံမှ သိရသည်။

နဘုလည်ဒေသက အရပ်သားပြည်သူများသည် အာဏာသိမ်းကာလအတွင်း တိုက်ပွဲများနှင့် စစ်ကောင်စီတပ် စစ်ကြောင်းများ ဝင်ရောက်မှုတို့ကြောင့် မကြာခဏဆိုသလို အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး တခါတလေမှာ လချီကြာ စစ်ရှောင်ရလေ့ရှိတယ်လို့ ဒေသခံများက ဆိုသည်။

တနင်္သာရီတိုင်းတွင် အာဏာသိမ်းကာလအတွင်း နှစ်ဖက်တိုက်ပွဲများကြောင့် ဒေသခံသောင်းနှင့်ချီ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်ကြသေးကြောင်း စစ်ရှောင်အရေး ကူညီနေသူများ၏ ပြောပြ ချက်အရ သိရှိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here