စစ်ရေးပြင်းထန်သည့် ကလေးမြို့တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သား ၅ ဦး သေဆုံး

0
46

စစ်ရေးပြင်းထန်နေသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ ဒရုန်းနှင့် တိုက်ခိုက်မှုကြောင့် တစ်ရက်အတွင်း အရပ်သား ၅ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ကလေးမြို့မြောက်ပိုင်း မော်စီကျေးရွာအနီးရှိ ကလေးမြို့၊ မူးယစ်ဆေးတိုက်ဖျက်ရေးစင်တာ Chhan Chhuahna Rûn (CCR) ဝင်းအတွင်းသို့ ဧပြီလ ၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ၅ လုံး ထက်မနည်း ကျရောက်ပေါက်ကွဲတာကြောင့် ထိုနေရာတွင် အမျိုးသား ၄ ဦး သေဆုံးခဲ့သည်ဟု ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းမှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

“အဲ့ဒီမှာ ၄ ယောက် ဆုံးသွားတယ် အမျိုးသားတွေပဲ။ ညနေမိုးမချုပ်ခင်မှာ သူတို့ရဲ့ဘုရားကျောင်းထဲမှာ ကျတာ။ ဘုရားကျောင်းဆင်းပြီသိမ်းပြီးမှ နည်းနည်းကျန်တဲ့သူတွေ ရှိသေးတယ်၊ အဲ့ဒီမှာထိပြီး ဒဏ်ရာရကြတာ။ အဲဒီဖြစ်တဲ့နေ့ မနက်ပိုင်းမှာ ညောင်တောရွာကတစ်ယောက် စစ်ကောင်စီကဖမ်းပြီးမှ အဖွဲ့လိုက်ထိုင်ခိုင်းနေတုန်း သူကထွက်ပြေးဖို့ ကြိုးစားတာနဲ့ သူတို့ကတခါတည်းပစ်ပြီးမှ ဆုံးသွားတယ်ပွဲချင်းပဲ။ အဲ့တာနဲ့ဆို ၅ ဦး ဆုံးသွားတယ်” ဟု ၎င်းက ပြောသည်။

မူးယစ်ဆေးတိုက်ဖျက်ရေးစင်တာ (CCR Camp) ဝင်းအတွင်း လက်နက်ကြီးကြောင့် သေဆုံးသူများမှာ တောင်ဇလပ်ရပ်ကွက်က Sian Thawn Tuang၊ မွန်းလိုင်ရပ်ကွက်က Do Cin Lian၊ ကနန်ကျေးရွာက Biak Run Sang နှင့် မြို့လှရပ်ကွက်က Pau Sawn Gin တို့ ဖြစ်ကြပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ယောက်ကျော်ထဲတွင် ၂ ယောက် မှာ ဒဏ်ရာပြင်းထန်သည်ဟု သိရသည်။

Chhan Chhuahna Rûn (CCR) သည် ကလေးမြို့ပတ်၀န်းကျင်အတွင်း အရက်နှင့် မူးယစ်ကျေးကျွန်ဘ၀မှ လွတ်မြောက်လိုသူများအား ဘာသာတရားဖြင့် သွန်သင်ကြည့်ရှု စောင့်ရှောက်သည့် စခန်းတစ်ခုဖြစ်ပြီး ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပါသည်။ ယခုလက်ရှိ၌ CCR စခန်းတွင် လူဦးရေ ၂၀၀ ကျော်ခန့်ရှိသည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ဧပြီလ ၅ ရက်နေ့ ကစ၍ ကလေးမြို့မြောက်ပိုင်း တာဟန်း-လက်ပံချောင်း ကားလမ်းမ ပေါ်ရှိ ညောင်တော၊ ဆည်ကြီး၊ မော်စီ ကျေးရွာများဘက်သို့ စစ်ကြောင်းထိုး ၀င်ရောက်လာပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သေးသည်။

ထိုကဲ့သို့ တိုက်ပွဲဖြစ်ပွားနေချိန်တွင် စစ်ကောင်စီတပ်က ကလေးမြို့ကနေ လက်နက်ကြီး၊ ဒရုန်းများဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဧပြီလ ၅ ရက်နေ့က စစ်ကောင်စီတပ် ညောင်တောကျေးရွာသို့ ၀င်ရောက်ချိန်တွင် ဒေသခံအယောက် ၃၀ ခန့်ကို ဖမ်းဆီးချုပ်နှောင်စဉ် အမျိုးသားတစ်ဦး ထွက်ပြေးသွားသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး ယင်းနေ့ညနေပိုင်းတွင် ဖမ်းဆီးခံရသူများလည်း ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရသည်။

ယခုအခါ ဆည်ကြီး၊ မော်စီ ၊ဟံသာ၊ ပျဉ်းခုံကြီးကျေးရွာ ပြည်သူအားလုံးသည် ဘေးလွတ်ရာ တောတောင်များနှင့် နီးစပ်ရာကျေးရွာများတွင် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု ဆည်ကြီးဒေသခံတစ်ဦးက ပြောသည်။

“အခုရွာထဲ ပြည်သူတွေက တယောက်မှ မရှိတော့ဘူး၊ ဖုန်းကလည်း ဆက်သွယ်လို့ မရဘူးဆိုတော့ သတင်းအတိအကျ မသိနိုင်တော့ဘူး။ အခုရက်ပိုင်းက ရွာဘက်ကို ဘယ်သူမှ မသွားလာကြတော့ဘူး၊ အခုတာဟန်းကို ရောက်လာတာ ဆည်ကြီးတရွာလုံးလို့ ပြောလို့ရတယ်။ တာဟန်းလူငယ်အဖွဲ့တွေက ဘုရားကျောင်းတနေရာမှာ စစ်ဘေးရှောင်တွေကို ချက်ပြုတ်ကျွေးမွေးတယ်” ဟု အဆိုပါဒေသခံက ပြောသည်။

ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့က ကျေးရွာများဘက်သို့ လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်နေသည့် အပြင် ဒရုန်းကိုလည်း ပိုမိုအသုံးပြုလာသည်ဟု ဒေသခံတို့ဆီက သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here