PNLA ကို ကန့်ကွက်စာအတုများဖြင့် စစ်ကောင်စီက ဝါဒဖြန့်နေဟု ပအိုဝ်းလူငယ်များပြောဆို

0
37

ပအိုဝ်းလူမှုအဖွဲ့အစည်းများက အမျိုးသားလွတ်မြောက်ရေးတပ်မတော်/PNLA အား ကန့်ကွက်ရှုတ်ချဆိုသည့် စာအတုများကို စစ်ကောင်စီဝါဒဖြန့်သူများက ဖြန့်ဝေနေသည်ဟု ပအိုဝ်းလူငယ်များက ပြောသည်။

PNLA အား ပအိုဝ်းလူမှုအဖွဲ့အစည်းများအား ကန့်ကွက်ရှုတ်ချသည့် စာအတုများ ထွက်ပေါ်နေသည်ဟု အင်တာနက်သုံးစွဲသည့် ပအိုဝ်းလူငယ်များက ပြောဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ PNLA စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက “ကျနော် စုံစမ်းကြည့်ရ သလောက်ဆိုရင် အဲ့ဒီထုတ်ပြန်ချက်တွေက အတုတွေပေါ့လေ။ အဲ့အောက်မှာပါတဲ့ အဖွဲ့အစည်းတွေရဲ့နာမည် တွေက အရင်တုန်းက ထုတ်ပြန်ချက်၊ ကြေညာချက်တွေကို စုပေါင်းထုတ်ပြန်ဖူးတဲ့အဖွဲ့တွေ ဖြစ်မှာပေါ့လေ။ အဲ့ဒီအဖွဲ့တွေရဲ့ နာမည်တွေကို သူတို့ကအကုန်လုံး Copy (ကူးယူ) ယူထားတဲ့ပုံစံ တွေ့ရတယ်။ ပြီတော့မှ အပေါ်မှာရှိသမျှ အဖွဲ့အစည်းကို အကုန်လုံးဆွဲချပြီးတော့မှ အပေါ်ဆုံးက သူတို့ရဲ့ဖောင့်ကတော့ သီးသန့်စာတစောင် ရေးပြီးတော့မှ ပေါင်းတင်လိုက်တယ်။ အဲ့လိုမျိုးပဲ သုံးသပ်မိတာပေါ့လေ” ဟု ပြောသည်။

ဧပြီလ ၆ ရက်​နေ့မှ စတင်၍ လူမှုကွက်ရက်စာမျက်နှာ (Facebook) နှင့် တယ်လီဂရမ်ချန်နယ် (Telegram) များ တွင် စစ်ကောင်စီဝါဒဖြန့် အကောင့်တုများက ဖြန့်ဝေနေခြင်း ဖြစ်သည်။

၂၀၂၁ ခုနှစ် အစောပိုင်းကာလများတွင် လူမှုကွန်ရက်အဖွဲ့အစည်းပေါင်း ၁၀၀ ကျော်က စစ်အာဏာသိမ်းမှုအပေါ် ကန့်ကွက်စာများ ထုတ်ပြန်ခဲ့ကြသည်ဖြစ်ရာ စစ်ကောင်စီဝါဒဖြန့်သူများက ယင်းထုတ်ပြန်ချက်များအား ဖြတ်၊ ညှပ်၊ ကပ် လုပ်၍ သတင်းမှားဖြန့်ဝေနေခြင်း ဖြစ်သည်ဟု ဆိုသည်။

ထိုသို့ သတင်းမှားဖြန့်ဝေခြင်းသည် အင်တာနက်နှင့် အကျွမ်းတဝင်ရှိသည့် ခေတ်လူငယ်များအပေါ် သက်ရောက်မှု မရှိသော်လည်း ဖုန်းလိုင်းမရသည့် ကျေးရွာနေလူထုများနှင့် သက်ကြီးရွယ်အိုများအတွက် အနည်းငယ် တွေဝေသွားစေနိုင်သည်ဟု ဝါဒဖြန့်ခံရသည့် အဖွဲ့အစည်းတာဝန်ရှိသူများက သုံးသပ်သည်။

PNLA အတူ ဝါဒဖြန့်ခံရသည့် အဖွဲ့အစည်းများထဲမှ Legal Aid For Human Rights အဖွဲ့၏ဒါရိုက်တာ ကိုသော်တာဆွေက “သူတို့က ပြည်သူလူထုကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်တာပေါ့နော်။ ဘယ်သူတွေက တော်လှန်ရေးဘက်က ရပ်တည်နေလဲဆိုတာ ပြည်သူတွေက အသိဆုံးဖြစ်တယ်။ သူတို့ ကြိုက်သလောက် စာထုတ်နေပါစေ၊ ပြည်သူတွေက ဆုံးဖြတ်နိုင်စွမ်း၊ ဆင်ခြင်နိုင်စွမ်း ရှိတယ်။ အဲတော့ ဒါက သူတို့သက်သက်မဲ့ စစ်တပ်ဘက်က လူတွေကို ရသေ့စိတ်ဖြေလုပ်ပြီးမှ ဝါဒဖြန့်ပေးတဲ့သဘောလို့ ထင်တာပေါ့နော်” ဟု ပြောသည်။

ပအိုဝ်းဒေသထဲရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့ခြင်း၊ ဘာသာရေးအဆောက်အအုံများအား ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်း၊ အဓမ္မဆက်ကြေးကောက်ခြင်း စသည့် လုပ်ရပ်များအား နေ့စဉ်နှင့်အမျှ ကျူးလွန်နေသည့်အပြင် သတင်းမီဒီယာများမှလည်း သတင်းမှားများအား တိုက်ဖျက်နေသောကြောင့် စစ်ကောင်စီတပ်၏ ဝါဒဖြန့်မှုမှာ ရာနှုန်းပြည့် မအောင်မြင်နိုင်ဘူးဟု ပအိုဝ်းလူငယ်များက ပြောကြသည်။

စစ်ကောင်စီ ဝါဒဖြန့်အကောင့်တုများသည် ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း PNLA တပ်က ကျေးရွာများအား မီးရှို့ဖျက်ဆီးနေသည်ဆိုသည့် သတင်းမှားကိုလည်း ဖြန့်ဝေခဲ့သေးသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here