မွန်ပြည်ထူထောင်နိုင်သည့်အထိ တိုက်ပွဲဝင်ရန် မွန်နိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့များ ပူးပေါင်းဖို့သဘောတူညီ

0
119
Photo - Voice TV

စစ်အာဏာရှင်ပြုတ်ကျရေးနှင့် မွန်ပြည်ထူထောင်နိုင်သည့်အထိ တိုက်ပွဲဝင်ရန် နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာသော မွန်နိုင်ငံရေးနှင့် မွန်လက်နက်ကိုင်တော်လှန်ရေးတပ်များ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီ ရရှိခဲ့သည်ဟု သက်ဆိုင်ရာအဖွဲ့များက ဧပြီ ၇ ရက်နေ့တွင် ကြေညာလိုက်သည်။

မွန်ပြည်သူများ၏သဘောဆန္ဒကို ဦးထိပ်ထားပြီး မွန်နိုင်ငံရေးနှင့် မွန်တော်လှန်ရေးအင်အားစုများကြား ညီညွတ်ရေးကိုရည်စူးပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF နှင့် မွန်ပြည်ကာကွယ်ရေးတပ် MSDF တို့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးမှုတွေက တဆင့် မွန်ပြည်ကာကွယ်ရေးတပ် MSDF ၏ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်ကော်မတီ တာဝန်ရှိသူအချို့က မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC တွင် ပါဝင်ပြီး နိုင်ငံရေးတာဝန်များကို ပူးပေါင်းတာဝန်ယူသွားမှာဖြစ်သည်ဟု ဆိုသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီပြောခွင့်ရ နိုင်မွန်စိုင်းက “မွန်အမျိုးသားလွတ်မြောက်ရေးပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ လာမယ့်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ဖွဲ့စည်းတဲ့အချိန်မှာ မွန်ပြည်နယ်အနေနဲ့ ကိုယ့်ရဲ့ပြည်နယ်ယူနစ် အနေနဲ့ ထူထောင်နိုင်ဖို့ ဆိုတာကတော့ လက်ရှိမွန်ပြည်နယ်ထဲမှာရှိနေတဲ့ ဒီစစ်အာဏာရှင် စနစ်ကို တိုက်ဖျက်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုမျိုးတိုက်ဖျက်ဖို့ကတော့ တစ်ဖွဲ့ချင်းအနေနဲ့ကတော့ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒီမှာရှိနေတဲ့ အဖွဲ့အစည်းတွေအားလုံး စုစည်းမှုအားနဲ့ လုပ်ဆောင်မှအောင်မြင်မယ်လို့ ကျွန်တော်တို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ယုံကြည်ထားတာဖြစ်တဲ့အတွက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုတွေလုပ်သွားဖို့ ကျွန်တော်တို့ စီစဉ်ထားတာဖြစ်ပါတယ်” ဟု ပြောသည်။

ပူးပေါင်းဆောင်ရွက်မှုများထဲ၌ မွန်ပြည်ကာကွယ်ရေးတပ် MSDF ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကနေ ကူညီထောက်ပံ့မှုများ ပြုလုပ်သွားမည့်ဟု သုံးပွင့်ဆိုင်ဆွေးဆွေးမှုကနေ သဘောတူညီချက်ရရှိခဲ့ခြင်း ဖြစ်သည်။

တဖက်တွင်လည်း MSRF နှင့် MSDF တို့က စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်အမျိုးမျိုးကို အမြစ်ပြတ်သည့် အထိ တိုက်ပွဲဝင်သွားပြီး အချုပ်အခြာအာဏာနှင့် ပြည့်ဝသည့် မွန်ပြည်ထူထောင်နိုင်သည့်အထိ မဟာမိတ်တပ်များ အဖြစ် အတူတကွ ပူးပေါင်းတိုက်ပွဲဝင်သွားရန် သဘောတူထားခြင်း ဖြစ်သည်ဟု ဆိုသည်။

မွန်ပြည်ကာကွယ်ရေးတပ် MSDF ပြောခွင့်ရ ဒေါက်တာသီရိမွန်ချမ်းက မွန်ပြည်နယ်တွင် စခန်းသိမ်းမြို့သိမ်း တိုက်ပွဲများ ဆင်နွှဲနိုင်ရန် မွန်တော်လှန်ရေးလက်နက်ကိုင်တပ်များ တစုတစည်းတည်းဖြစ်ဖို့ လိုသည်ဟု ပြောဆိုသည်။

“မွန်ပြည်နယ်မှာ စစ်ရေးဖော်ဆောင်မှုတွေ၊ စခန်းသိမ်း မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနိုင်ဖို့ ပထမအဆင့်အနေနဲ့ မွန်တော်လှန်ရေးလက်နက်ကိုင်တပ်တွေ တစုတစည်းထဲ ဖြစ်ဖို့လိုတယ်။ ဒီလိုတစုတစည်းထဲ ဖြစ်ပေါ်လာတဲ့ မွန်တော်လှန်ရေးတပ်ကနေ တဆင့် ရှိနှင့်ပြီးသား နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေ၊ မဟာမိတ်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ မွန်ပြည်နယ်မှာပေါ့နော် စခန်းသိမ်း၊ မြို့သိမ်း တိုက်ပွဲတွေလုပ်ဖို့ အတော့်ကိုအရေးကြီးပါတယ်Ó ဟု ဒေါက်တာသီရိမွန်ချမ်းက ဆိုသည်။

မဟာမိတ်တပ်အဖြစ် ပူးပေါင်းတိုက်ပွဲဝင်ရန် မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖြစ်သည့် MSRF နှင့် MSDF တို့က အခြေခံစစ်သင်တန်းများနှင့် စစ်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းများတွင် အတူတကွ လုပ်ဆောင်သွားရန် ရှိနေသည်။

ယင်းအပြင် စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက်များနှင့် စစ်ရေးအတွေ့အကြုံများကို အပြန်အလှန် ဖလှယ်သွားရန်နှင့် စစ်ဆင်ရေးတိုက်ပွဲများ ပေါ်ပေါက်လာပါက မဟာမိတ်အသွင် အတူတကွတိုက်ပွဲဝင်သွားရန် သဘောတူထားသည်။

မွန်ပြည်သူအမျိုးသမီးတစ်ဦးက “ပြည်သူတစ်ယောက်အနေနဲ့ အာဏာရှင်စနစ်ကို ပြည်သူတွေက ပင်ပန်းနေပြီ။ မြန်မြန်လေး အောင်မြင်ချင်နေပြီ။ အာဏာရှင်ကို မြန်မြန်အမြစ်ပြတ်ချေမှုန်းနိုင်ရင်တော့ ပိုပြီးတော့ကောင်းတယ်။ ပူးပေါင်းခြင်းကိုလည်း လှိုက်လှဲစွာကြိုဆိုတယ်။ ဒီထပ်ပိုပြီးတော့မှ ကျန်ရှိနေတဲ့အဖွဲ့အစည်းတွေလည်း အတူပူးပေါင်းပြီးတော့မှ သေချာအစီအစဉ်ကောင်းကောင်းလေး ရေးဆွဲပြီးတော့မှ တိုက်ပွဲဝင်သွားမယ်ဆိုရင်တော့ လိုချင်တဲ့ပန်းတိုင်ကို ရောက်မယ်။ ပြည်သူတစ်ယောက်အနေနဲ့ ပျော်မိပါမယ်” ဟု ပြောဆိုသည်။

မွန်ဒေသတွင် လှုပ်ရှားနေကြသည့် မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များတွင် မွန်ပြည်ကာကွယ်ရေးတပ် MSDF ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း MSRO၊ မွန်ပြည် လွတ်မြောက်ရေးတပ်တော် MLA ၊ မွန်ပြည်သစ်ခွဲထွက် စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD တို့ ဖြစ်သည်။

ယင်းတို့ထဲက မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA သည် မွန်ပြည်သစ်ပါတီ NMSP-AD နှင့် မွန်ပြည်နယ်အခြေပြု တော်လှန်ရေးအဖွဲ့အစည်း MSRO တို့ကို မဟာမိတ်ဖွဲ့ထားသလို မွန်ပြည်တော်လှန်ရေးတပ် MSRF ကလည်း MSRO နှင့် မဟာမိတ်ဖွဲ့ထားသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီက တော်လှန်ရေးကာလအတွင်း မွန်နိုင်ငံရေးအဖွဲ့အစည်းအဖြစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းဖွဲ့စည်းခဲ့သည့် မွန်ပြည်ကြားကာလ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ MSICC ကနေ မွန်ပြည် ဖက်ဒရယ်ကောင်စီအဖြစ် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းမှာ အသွင်ပြောင်းခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်ကာကွယ်ရေးတပ် MSDF နှင့် မွန်ပြည်တော်လှန်ရေးတပ် MSRF တို့က စစ်အာဏာရှင်စနစ် ဖြုတ်ချရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အာဏာသိမ်းကာလတွင် ဖွဲ့စည်းခဲ့သော လက်နက်ကိုင်တော်လှန်ရေးတပ်များ ဖြစ်ကြသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here