ကရင်နီတွင် စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲခဲ့သည့်နေရာတွင် သတ်ဖြတ်ခံထားရသည့်ရုပ်အလောင်းများတွေ့ရှိ

0
98
Photo – KNDF

ကရင်နီ (ကယား) ပြည်တွင် စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် ဒေသခံပြည်သူများ၏ အလောင်းအချို့ ပြန်လည်တွေ့ရှိခဲ့ပြီး ပြန်မကောက်နိုင်သေးသော ရုပ်အလောင်းများ ရှိနေသေးသည်ဟု ဒေသခံများနှင့် ကရင်နီ တော်လှန်ရေးအင်အားစုများက ပြောသည်။

ကရင်နီပြည်တွင် စစ်အာဏာသိမ်းမှုနောက်ပိုင်းနှင့် “တစ်လေးလုံးစစ်ဆင်ရေး” နောက်ပိုင်း ဒီးမော့ဆိုမြို့နယ်၊ ခေါက်ပလော့ကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားခဲ့သည့်နေရာတွင် အသတ်ခံထားရသည့် ဒေသခံပြည်သူ ရုပ်အလောင်း ၅ လောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

နယ်မြေရှင်းလင်းရေးလုပ်နေသော ဒီးမော့ဆို PDF ရဲဘော်တစ်ဦးက “အရိုးတွေပဲ ကျန်တာ။ တချို့က အဝတ်ကျန်သေးလို့ ဘယ်ရွာကလူလဲ မှတ်မိသေးတယ်။ တချို့က အဝတ်ကော မကျန်တော့လို့ အရိုးကိုကြည့်ပြီး ခန့်မှန်းရတယ်” ဟု ပြောသည်။

ခေါက်ပလော့ကျေးရွာတွင် တွေ့ရှိခဲ့ရသည့် ဒေသခံပြည်သူရုပ်အလောင်းများအနက် ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါး ရပ်ကွက် ၄ မှ အသက် ၅၀ ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးနှင့် တနန်းဥကွိုင်မှ အသက် ၄၀-၅၀ ကြားရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ကျန်သောသူများမှာ မည်သူမည်ဝါဖြစ်သည်ကို ခန့်မှန်း၍ မရတော့ကြောင်း ၎င်းက ပြောသည်။

သေဆုံးသူများအနက် ရပ်ကွက် ၄ တွင် နေထိုင်သောအမျိုးသားမှာ လွန်ခဲ့သော တစ်နှစ်ခန့်က နေရပ်သို့ ပြန်မဝင်သေးရန် တော်လှန်ရေးတပ်ဖွဲ့များ တားမြစ်ထားသည့်ကြားမှ နေအိမ်သို့ ပြန်လည်ခိုးဝင်ချိန် စစ်ကောင်စီ တပ်သားများ၏ ပစ်သတ်ခြင်းကို ခံခဲ့ရသူဖြစ်သည်ဟု ဒီးမော့ဆို PDF ရဲဘော်က ဆက်ပြောသည်။

“ရွာက တစ်ယောက်က အိမ်ပြန်တာ တားတာမရလို့ လေး၊ငါးခေါက်ရှိပြီ တားတာ။ တခေါက်က ရဲဘော်တွေ မမြင်တုန်းပြန်တာ သေနတ်သံထွက်လာမှသိတာ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ဒီးမော့ဆိုမြို့တွင် ကရင်နီတော်လှန်ရေးတပ်များက စစ်ကောင်စီတပ် ဆုတ်ခွာသွားသောနယ်မြေထဲ ရှင်းလင်းရေး လုပ်ဆောင်နေဆဲဖြစ်ပြီး မြေပြင်တွင် စစ်ကောင်စီတပ်က သတ်ဖြတ်ထားသော ဒေသခံပြည်သူများ၏ ရုပ်အလောင်းများ ထပ်ရှိနေနိုင်သေးသည်ဟု တော်လှန်ရေးအင်အားစုများက ပြောသည်။

အလားတူ လွိုင်ကော်မြို့တွင်လည်း “တစ်လေးလုံးစစ်ဆင်ရေး” အတွင်း လွိုင်ကော်အကျဉ်းထောင်အနီးတွင် စစ်ကောင်စီတပ်က ပစ်သတ်ထားသော ပြည်သူများ၏ရုပ်အလောင်းများကို အချိန် ၄ လနီးပါး ကြာလာသည်အထိ ပြန်လည်သယ်ယူနိုင်ခြင်း မရှိသေးဘူးဟု အကျဉ်းထောင်တည်ရှိရာ ဒေါဥခူရပ်ကွက်တွင် နေထိုင်ခဲ့သည့် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အဲ့မှာ လူသေတွေလည်း ရှိတယ်တဲ့။ အလောင်းတွေဆို ပြန်မကောက်ရသေးဘူးတဲ့။ အဲ့မျိုးတွေလည်း ရှိတယ်ပြောတယ်။ ပြည်သူတွေနဲ့ပဲ တူတယ်။ သူတို့စစ်ရှောင်သွားရင်းနဲ့ အဲ့လမ်းကို သွားမိတယ်နဲ့တူတယ်။ တချို့သူတွေက ဘယ်သိမလဲနော်” ဟု ၎င်းက ပြောဆိုသည်

လက်ရှိတွင် လွိုင်ကော်အကျဉ်းထောင်အတွင်းမှ စစ်ကောင်စီတပ်က စနိုက်ပါများဖြင့် ချိန်ရွယ်ထားပြီး ထောင်အနီးဝန်းကျင်ရှိ နေအိမ်များကိုလည်း ပစ်ကွင်းရှင်းရန် မီးရှို့ဖျက်ဆီးထားသည့်အတွက် ပစ်သတ်ခံခဲ့ရသည့် ပြည်သူအရေအတွက်ကို အတိအကျ မသိရကြောင်းနှင့် လုံခြုံရေးအခြေအနေ စိုးရိမ်ရ၍ မသွားရောက်နိုင်ခြင်း ဖြစ်သည်ဟု အဆိုပါဒေသခံအမျိုးသမီးက ဆက်ပြောသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အနေဖြင့် အကြောင်းမဲ့သတ်ဖြတ်ခံရပြီး ပျောက်ဆုံးနေသော ဒေသခံ အရပ်သားပြည်သူများအရေးကို ကရင်နီ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်း၍ ကူညီဆောင်ရွက် ပေးနေသည်ဟု IEC အတွင်းရေးမှူး (၂) ဦးဗညား က ပြောသည်။

“လူတွေကတော့ ပျောက်တယ်၊ ရှာတယ်၊ ရှာပေးကြပါ ဆိုပြီးတော့မှ ပြောလာတာတော့ ရှိတယ်ပေါ့နော်။ ကျနော်တို့ကတော့ အဲ့လိုမျိုးကြားပြီဆိုရင် အတတ်နိုင်ဆုံး တပ်ဖွဲ့ဝင်တွေကို မဟုတ်ရင်လည်း မြို့တွင်းမှာ စီမံကြီးကြပ်ပေးနေတဲ့ KSP (Karenni State Police) ကော်မတီ ရှိတယ်ပေါ့နော်။ အဲ့ဒီကော်မတီနဲ့ ချိတ်ဆက်ပြီး တော့ သွားတာတော့ရှိတယ်။ ဒါကတော့ လောလောဆယ် လုပ်နေတဲ့ပုံစံပေါ့” ဟု ဦးဗညားက ဆိုသည်။

ပြီးခဲ့သည့် မတ်လနောက်ဆုံးပတ်ကလည်း လွိုင်ကော်မြို့အတွင်း ပစ္စည်းပြန်လာသယ်ယူသော ဒေသခံတစ်ဦး စစ်ကောင်စီတပ်၏ ပစ်သတ်ခြင်းခံခဲ့ရပြီး အလောင်းသွားသယ်ယူရန် ကြိုးစားရာတွင် အနီး၌ စစ်ကောင်စီတပ်က တပ်စွဲထားသောကြောင့် ယနေ့အချိန်ထိ သွားသယ်ယူနိုင်ခြင်း မရှိသေးဘူးဟု ဦးဗညားက ပြောသည်။

ဒေသတွင်းသတင်းအရင်းမြစ်များ၏ ပြောဆိုမှုအရ “တစ်လေးလုံးစစ်ဆင်ရေး” အတွင်း လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသွားပြီး အလောင်းပြန်မသယ်ယူနိုင်သေးသည့် ဒေသခံပြည်သူ့ ရုပ်အလောင်း ၁၅ လောင်း ထက်မနည်း ရှိနိုင်သည်ဟု သိရသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here