KIA နှင့် PDF တပ်များကသိမ်းပိုက်ထားသည့် မြို့ ၂ မြို့ကို စစ်ကောင်စီတပ် ပြန်ရယူဖို့ကြိုးပမ်းနေ

0
227
ပုံစာ - အင်းတော်ဒေသ ရှေ့တန်းတစ်နေရာမှာမြင်တွေ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ (ပုံဟောင်းဖြစ်သည်)

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်အစပ်ဒေသတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားသည့် အင်းတော်မြို့နယ်ထဲက မော်လူးမြို့နှင့် ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ စသည့် မြို့ ၂ မြို့ကို စစ်ကောင်စီတပ်က ပြန်လည်အရယူရန် ကြိုးပမ်းနေတယ်လို့ ဒေသခံတွေဆီက သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်က KIA နှင့် PDF ပူးပေါင်းတပ်တွေက မြို့ ၂ မြို့ကို သိမ်းယူခဲ့တာဖြစ်ပြီး အဆိုပါမြို့တွေကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် စစ်ကောင်စီက စစ်ကြောင်းထိုးဝင်ရောက်တာတွေ ဆက်တိုက် လုပ်ဆောင်လာတယ်လို့ ဟုမ္မလင်း PDF အဖွဲ့ တာဝန်ရှိသူတစ်ဦးက အခုလိုပြောသည်။

“စစ်ကောင်စီက ရွှေပြည်အေးကို ပြန်ရဖို့ စစ်ကြောင်းထိုးနေတာက ဇန်နဝါရီလတည်းက ဟုတ်တယ်။ ဒါပေမယ့် သူတို့ပြန်ဆုတ်သွားပြီးမှ ခုမြင်သာရွာမှာ တပ်စွဲနေတယ်။ ဟိုနေ့က အင်အား ၆၀ ကျော် ထပ်ဖြည့်ထားတယ်။ လောလောဆယ် မြင်သာမှာ ၂၀၀ နီးပါး ရှိနေတယ်။ သူတို့က လောလောဆယ် ရွာတွေဘက်ထိတော့ ရောက် ရောက်လာတယ်။ ရွှေပြည်အေးထိတော့ မရောက်လာသေးဘူး” လို့ ၎င်းက ပြောသည်။

ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်သည်။

သို့သော် ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနှင့် ရွှေပြည်အေးမြို့ထဲကို ဝင်ရောက်ခဲ့တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့များဘက်က တပ်ဆုတ်လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကာကွယ်ရေးတပ်ဖွဲ့များက ရွှေပြည်အေးမြို့ကို တန်ပြန် တိုက်ခိုက်ခဲ့တာကြောင့် ဒုတိယအကြိမ် ပြန်လည်ရရှိခဲ့ကြောင်း ဟုမ္မလင်း PDF ထံမှ သိရသည်။

လက်ရှိချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က ရွှေပြည်အေးမြို့ကို ပြန်ရရှိရန်အတွက် ထိုးစစ်ဆင်တာတွေရှိပြီး ခိုတောင်း၊ မယ်ဇလီ၊ နောင်ဆန်းကျင် စသည့် ရွာတွေထဲကနေ မြို့ထဲကို ပြန်ဝင်ရန် စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတယ်လို့ ဆိုသည်။

စစ်ကောင်စီတပ်ဘက်က ရွှေပြည်အေးမြို့ကို ပြန်ရယူရန်အတွက် ကြိုးပမ်းနေသည့်အပေါ် ဟုမ္မလင်း PDF အဖွဲ့ဝင်တစ်ဦးက အခုလို ဆက်ပြောသည်။

“ဒီရွှေပြည်အေးက သူတို့ (စစ်ကောင်စီ) အတွက် သိပ်အရေးပါတယ်။ ရေကြောင်းအတွက် ဗျူဟာကျတဲ့နေရာ ဖြစ်နေတာလည်း ဒီရွှေပြည်အေးကနေပဲ။ ဖောင်းပြင်ကို သွားလို့ရတယ်၊ ဟုမ္မလင်းမြို့ထဲကို သွားလို့ရတယ်။ ဒီမြို့က ကြားမှာရှိနေတာ။ သူတို့က ထောက်ပို့အတွက် ကုန်းကြောင်းမှာ သာတော့ဘူးလေ။ ကောလင်းနယ်မှာ ကာကွယ်ရေးတွေ ကုန်းကြောင်းကို ထိန်းထားတာ၊ အဲ့တော့ ရေကြောင်းကနေ ထောက်ပို့လမ်းကြောင်း သုံးချင် နေပေမယ့် ကာကွယ်ရေးတပ်တွေက မြို့ကိုထိန်းထားတော့ သူတို့ကဒါကိုလိုချင်နေတာ” ဟု ၎င်းက ဆိုသည်။

အလားတူ စစ်ကိုင်းအထက်ပိုင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထိန်းချုပ်ထားတဲ့ အင်းတော်နယ်ထဲက မော်လူးမြို့ကိုလည်း စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ချင်နေတာကြောင့် ဖေဖော်ဝါရီလ ၁၀ ရက် ကျော်လောက် ကနေ စစ်အင်အားများ ဖြည့်တင်းတာတွေ ဆက်လက်ရှိနေပြီး စစ်ရေးလှုပ်ရှားမှု ရှိနေတယ်လို့ အင်းတော်နယ် ပြည်သူ့ကာကွယ်ရေးတပ် (ပကဖ) က တာဝန်ရှိသူတစ်ဦးက အခုလို ပြောပါသည်။

“ဖြစ်နိုင်ချေကတော့ စစ်ကောင်စီဟာ ဒီမော်လူးကို ပြန်ယူဖို့ စစ်ရေးလှုပ်ရှားနေတဲ့ အရိပ်အရောင်တွေ တွေ့ရတယ်။ မော်လူးနဲ့ ၉ မိုင် ၁၀ မိုင် လောက်ဝေးတဲ့ နဘားလမ်းဆုံနားမှာ သူတို့နဂိုက အင်အား ၆၀ လောက်ပဲ ရှိတယ်။ အခုက အဲ့ဒီမှာ အခုရက်ပိုင်း ထပ်ဖြည့်တာ ၂၀၀ နီးပါး ရှိတယ်။ မနေ့ကလည်း ဒီဘက်ကို လှုပ်ရှားလာလို့ တိုက်ပွဲဖြစ်သေးတယ်” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

လက်ရှိချိန်တွင် စစ်ကောင်စီတပ်ဖွဲ့တွေက မော်လူးမြို့နှင့် ၉ မိုင် အကွာတွင်ရှိသည့် နဘားလမ်းဆုံနေရာတွင် စစ်အင်အား ၂၀၀ နီးပါး ဖြည့်တင်းထားတယ်လို့ ဒေသကာကွယ်ရေးတပ်များက ပြောဆိုသည်။

မော်လူးမြို့သည် မန္တလေးနှင့် မြစ်ကြီးနား ကားလမ်းပိုင်းတွင်ရှိပြီး ကချင်ပြည်နယ်ဘက်ရှိ စစ်ကောင်စီ တပ်စခန်းများကို စစ်အင်အားနှင့် စားနပ်ရိက္ခာများ တင်ပို့ပေးနေသည့် လမ်းကြောင်းတွင်ရှိသောမြို့လည်း ဖြစ်သည်။

အလားတူ ရွှေပြည်အေးမြို့သည်လည်း စစ်ကိုင်း – ကချင်အစပ်တွင်ရှိပြီး ဖားကန့်မြို့နယ်နှင့် ထိစပ်နေသည့် ဒေသတစ်ခု ဖြစ်သလို မိုးညှင်းမြို့နှင့်လည်း ထိစပ်နေတာကြောင့် စစ်ကောင်စီတပ်အတွက် အရေးပါသည့် လမ်းကြောင်းများရှိသော မြို့ဖြစ်သည်။

စစ်ကိုင်း- ကချင် အစပ်မှာရှိသည့် ခရိုင်မြို့နယ်ဖြစ်သည့် ကောလင်းမြို့ကိုလည်း ကာကွယ်ရေးတပ်ဘက်က ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာလ ၆ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့ပေမယ့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ထဲတွင် စစ်ကောင်စီတပ်ဘက်က ပြန်ပြီး ထိုးစစ်ဆင်လာတာကြောင့် ကာကွယ်ရေးတပ်ဘက်က လက်လွှတ်ခဲ့ ရသည်။

လက်ရှိတွင် ကောလင်းမြို့ကို ပြန်ရရှိလိုက်ပြီဖြစ်သည့် စစ်ကောင်စီတပ်သည် မော်လူးမြို့နှင့် ရွှေပြည်အေးမြို့ တို့ကိုလည်း ပြန်လည်သိမ်းပိုက်ရယူရန် ကြိုးစားလာနေခြင်း ဖြစ်သည်ဟု ကာကွယ်ရေးတပ်များနှင့် ဒေသခံများက ပြောဆိုသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here