“စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ဗမာပြည်မှာရှိတဲ့သူတွေရော၊ ရခိုင်ပြည်မှာ ရှိတဲ့လူတွေရော အကုန်လုံး ဝိုင်းတိုက်ပြီးတော့ အာဏာရှင်စနစ် ကျဆုံးဖို့ ပူးပေါင်းရမယ့်အချိန် ဖြစ်တယ်လို့ မြင်တယ်ဗျ။ ဒီအချိန်မှ စစ်အာဏာရှင်စနစ် မကျဆုံးဘဲ ပြန်ပြီးခေါင်းထောင်လာမယ်ဆိုရင် ကျွန်တော်တို့တသက်၊ ကျွန်တော်တို့ မျိုးဆက်တွေတသက် စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့အကြောင်း မရှိတော့ဘူး” ဦးဖေသန်း / ရခိုင်ဝါရင့်နိုင်ငံရေးသမား

0
242
ပုံစာ - ရခိုင်ဝါရင့်နိုင်ငံရေးသမားဦးဖေသန်း

ရခိုင်စစ်ရေး၊ နိုင်ငံရေး အပြောင်းအလဲအခြေအနေများနှင့် ပတ်သက်ပြီး ရခိုင်ဝါရင့်နိုင်ငံရေးသမားဦးဖေသန်းအား ဆက်သွယ်မေးမြန်းချက်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှာ စတင်ခဲ့သည့် ရခိုင်စစ်ပွဲသည် စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများနှင့် အရှိန်အဟုန် ပြင်းထန်နေပါသည်။

၂၀၂၃ နိုဝင်ဘာ ၁၃ ရက်နေ့ မှသည် ၂၀၂၄ ဖေဖော်ဝါရီ ၉ ရက်နေ့ အထိ ရက္ခိုင့်တပ်တော် (AA) က ပလက်ဝ၊ ဆမီး၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်နှင့် တောင်ပြို (လက်ဝဲ-လက်ယာ) မြို့တွေနှင့် ရခိုင်ပြည်အနှံ့ တပ်စခန်း၊ ဗျူဟာတွေကို သိမ်းပိုက်ထားပြီး ဖြစ်ပါသည်။ လက်ရှိတွင်လည်း ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ မောင်တောမြို့များ၌ တိုက်ပွဲပြင်းထန်နေပါသည်။

တဖက်တွင်လည်း စစ်ပွဲများ ပြင်းထန်လာသည်နှင့်အတူ ရခိုင်တွင် စစ်ဘေးရှောင်များ တနေ့ထက်တနေ့ များလာနေသည်။ စစ်ကောင်စီက ကူညီကယ်ဆယ်ရေးကို ပိတ်ပင်ထားသလို လမ်းပန်းဆက်သွယ်ရေးကိုလည်း ဖြတ်တောက်ထားတာကြောင့် စစ်ဘေးရှောင်များသည် စားဝတ်နေရေးအခက်အခဲကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေကြ ရသည်။

လက်ရှိ မြေပြင်တိုက်ပွဲအခြေအနေ၊ စစ်ဘေးရှောင်များ အခြေအနေအပါအဝင် ရခိုင်စစ်ရေးနိုင်ငံရေး အပြောင်းအလဲ အခြေအနေများကို သိရှိနိုင်ဖို့ရန် ရခိုင်ဝါရင့်နိုင်ငံရေးသမားဦးဖေသန်းကို ဆက်သွယ်မေးမြန်း ထားပါသည်။ (ဦးဖေသန်းသည် ရခိုင်ပြည်၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း တစ်ဦးလည်း ဖြစ်သည်။)

မေး။ ။ သာလီစွပါ။ ပထမဆုံးအနေနဲ့ လက်ရှိတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ကြားရတာတွေရှိပေမယ့် ဆရာက မြေပြင်ကလူဆိုတော့ လက်ရှိရခိုင်ရဲ့ မြေပြင်အခြေအနေ၊ စစ်ရေးအခြေအနေတွေကို ပြောပြပေးပါအုံး။

ဖြေ။ ။ ရခိုင်ပြည်မှာ စစ်မျက်နှာတွေက ပလက်ဝ၊ ဘူးသီးတောင်၊ မောင်တော အဲ့ဘက်ကစပြီးတော့ အမ်းမြို့နယ်အထိ တောက်လျှောက်တိုက်ပွဲတွေ အပြန်အလှန် ဖြစ်နေတဲ့အခါမှာ စစ်မြေပြင်က တအား ကျယ်တယ်။ ကျွန်တော်တို့လည်း သက်ဆိုင်ရာထုတ်ပြန်ချက်တွေ၊ မြေပြင်ကဖုန်းတွေနဲ့ စုံစမ်းမေးမြန်းတဲ့ အချက်တွေကို ခြုံပြီးတော့ သုံးသပ်ရရင်တော့ မြို့တိုင်းလိုလို အတိုက်ခံနေရတယ်။ မြို့မဟုတ်ရင်တောင်မှ မြို့နယ်နီးစပ်တဲ့နေရာတွေ အကုန်လုံး တိုက်ခံနေရတယ်။ စစ်တွေမြို့ဆိုလည်း အဲ့လိုပဲ အနီးအနားမှာရှိတဲ့ ရွာတွေထိ တပ်ဖြန့်ထားတဲ့အခါမှာ တိုက်ပွဲတွေ ဖြစ်နေတာရှိတယ်။ အားလုံးကို ခြုံပြီးသုံးသပ်ရရင်တော့ နေရာတိုင်းမှာ ဒီ (AA) ဘက်က အနိုင်ရနေတာကို တွေ့ရတယ်။

စစ်ကောင်စီတပ်တွေက နောက်ဆုတ် သွားတာတွေ၊ လက်နက်ချတာတွေ၊ အလံဖြူထောင်တာတွေ၊ တဖက်နိုင်ငံ ကို ထွက်ပြေးသွားတာတွေ၊ စခန်းတွေ တစ်ခုပြီးတစ်ခု ကျလာတာ တွေ့ရတယ်။ လက်ရှိမှာလည်း ကျောက်တော်၊ မင်းပြား၊ မြောက်ဦး အကုန်လုံး ကျနေပြီဆိုတော့ တောက်လျှောက် စစ်ကောင်စီက အရှုံးနဲ့ရင်ဆိုင်နေရတယ်။ ဒီအရှိန်အတိုင်းသာ ဆက်သွားမယ် ဆိုရင်တော့ ကျွန်တော့်အထင် မိုးမကျခင် ရခိုင်ပြည်အလယ်ပိုင်းနဲ့ မြောက်ပိုင်း မြို့နယ်အကုန်လုံးဟာ ULA/AA တပ်ဖွဲ့ဆီမှာ အသိမ်းခံရနိုင်တဲ့ အခြေနေရှိပါတယ်။ အခြေနေတွေက အတော်လေး ကို အပြောင်းအလဲမြန်တယ်။ တပ်စခန်းတွေလည်း တစ်ခုပြီးတစ်ခုကျလာတယ်။ အပြန်အလှန်တိုက်ပွဲတွေ ဆက်ဖြစ်နိုင်တယ်။ ရခိုင် တစ်ပြည်နယ်လုံးလည်း ဖြစ်သွားနိုင်တယ်။ အရှိန်အဟုန်မြန်တော့ ပြည်သူလူထုရဲ့ ထောက်ခံမှုကို ပိုရလာတယ်။ သူတို့လည်း စိတ်ဓာတ်ပိုင်းတက်ကြွလာတယ်။ စစ်ကောင်စီတပ်ကလည်း စိတ်ဓာတ် ကျဆင်းမှုတွေ ရှိလာတဲ့အတွက် အခုလိုအခြေနေမျိုး မြို့တွေ၊ စခန်းတွေကျတာ မြန်မြန်ဆန်ဆန် ဖြစ်လာတယ် လို့ ယူဆပါတယ်ခင်ဗျ။

မေး။ ။ အခုသိမ်းပိုက်လိုက်တဲ့ မြို့တွေထဲမှာ စကခ (၉) လို အရေးပါတဲ့စစ်ဌာနချုပ် အပါအဝင် တပ်ရင်း (၅) ရင်း အခြေစိုက်ထားတဲ့ ကျောက်တော်မြို့ကို သိမ်းပိုက်လိုက်တယ်။ ကျောက်တော်မြို့ဟာ ကုလားတန် မြစ်ကြောင်းကို ထိန်းချုပ်ထားတဲ့နေရာဖြစ်သလို အိန္ဒိယကုလားတန်စီမံကိန်းရဲ့ အဓိကအရေးကြီးတဲ့ မြို့တစ်မြို့ ဖြစ်တယ်။ ကျောက်တော်မြို့ကို သိမ်းပိုက်လိုက်နိုင်တာက ရခိုင်ပြည်အတွက်၊ AA အတွက် ဘယ်လောက်အရေးပါ ပါလဲ။ ဆရာ့အနေနဲ့ ဘယ်လိုမျိုးသုံးသပ်ပါလဲ။

ဖြေ။ ။ AA အတွက် အားသားတယ်ဆိုတာထက် ရခိုင်ပြည်သူအတွက် တော်တော်ကိုအကျိုးရှိတယ်။ စစ်ကောင်စီဘက်က ပြည်မနဲ့ဆက်သွယ်ထားတဲ့လမ်းတွေကို အကုန်ဖြတ်တောက်ထားတယ်။ ရည်ရွယ်ချက် ရှိရှိပေါ့။ ရိက္ခာတွေ၊ ဆေးဝါးတွေက အစ ပြည်သူတွေဒုက္ခ မရောက်ရောက်အောင် လုပ်တယ်ပေါ့။ အဲ့ဒီလောက်နဲ့တင် မကျေနပ်ဘဲ မြို့ထဲရွာထဲကို လက်နက်ကြီးနဲ့ ပစ်တာမျိုးတွေ အဲ့သလို ဒုက္ခပေးတာမျိုးတွေ ခံနေရတဲ့ ပြည်သူတွေက အသက်ရှုပေါက်လမ်းတွေ ပွင့်လာတဲ့အခါမှာ သူတို့အတွက်ပိုပြီးတော့ အားသာချက် ဖြစ်လာတယ်။

ပလက်ဝ၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ စစ်တွေထိ ကုန်သွယ်စီးဆင်းမှုဟာ ကုန်သည်တွေက တဆင့် ရောက်လာပြီပေါ့နော်။ အစိုးရအချင်းချင်း မဟုတ်ပေမယ့် ကုန်သည်တွေကတော့ အဲ့လမ်းကြောင်း ပွင့်တဲ့အခါမှာ အိန္ဒိယနဲ့ရခိုင် ကုန်စည်စီးဆင်းမှုကို သူ့နည်းသူ့ဟန်နဲ့ လုပ်လာကြတယ်။ ထို့အတူ မောင်တောဘက်မှာလည်း ပွင့်လာနိုင်တာ အများကြီး ရှိပါတယ်။ ဒါကြောင့်လည်း နယ်စပ်ဒေသကို AA က ဖိတိုက်နေတာဟာ အဲ့ဒီအခြေအနေရှိတယ်လို့ ကျွန်တော်မြင်တယ်။ နယ်စပ်မှာ ဂိတ်တွေဖွင့်ပြီးတော့ ကုန်သွယ် စီးဆင်းမှုကို စနစ်တကျလုပ်နိုင်လိမ့်မယ်လို့ အခုအခြေနေမှာ တော်တော်လေးကို မျှော်လင့်ချက်ရှိလာပါတယ်။ အဲ့ဒါကြောင့် ကျွန်တော့်အမြင်အရ အများကြီးကောင်းပါတယ်။

မေး။ ။ လက်ရှိရခိုင်မှာက ကုန်းလမ်း၊ ရေလမ်းတွေ ဖြတ်တောက်ထားသလို၊ တိုက်ပွဲတွေကလည်း မြို့တိုင်း လိုလိုမှာ စစ်ရေးပြင်းထန်နေတဲ့အတွက် ဒေသခံတွေတော်တော်များများက ထွက်ပြေးတိမ်းရှောင် နေရတယ်။ ကူညီကယ်ဆယ်ရေးတွေလည်း မရရှိဘူးလို့ ကြားသိရတဲ့အတွက် စစ်ဘေးရှောင်တွေရဲ့ အခြေနေကိုလည်း ပြောပြပေးပါအုံးရှင့်။

ဖြေ။ ။ စစ်ပွဲတွေ အမြဲတမ်းဖြစ်နေတာရယ်၊ သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့ရတာတွေကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ အချင်းချင်း အပြန်အလှန်မျှဝေစားသုံးပြီး ရပ်တည်ခဲ့ကြတယ်။ နိုင်ငံတကာ အကူညီတွေကိုလည်း စစ်ကောင်စီဘက်က ပိတ်ပင်ထားတဲ့အတွက် အတော်လေးကို ဒုက္ခရောက်ကြရတယ်။ ဒုက္ခရောက်ကြပေမယ့် ဒီအချိန်မှာတော့ မျှဝေစားရမယ်၊ မရှိတဲ့လူကို ရှိတဲ့သူက ကူညီရမယ်ဆိုတဲ့စိတ်နဲ့ ရခိုင်ပြည်သူအချင်းချင်း ကူညီကြတယ်။ ပြည်ပရောက် ရခိုင်တွေကလည်း ကူညီကြသလို ပြည်တွင်းက ရခိုင်တွေကလည်း ကူညီကြတယ်။ စားနိုင်သောက်နိုင် ချမ်းသာတဲ့လူတွေက မစားနိုင် ခက်ခဲတဲ့ပြည်သူကို ကူညီကြတယ်ပေါ့။

ဒီတခေါက် မျှော်လင့်ချက်ကတော့ ပိုပြီးတော့ ပြည်သူတွေက စစ်ကောင်စီကို နာကျည်းချက်က ပိုမိုကြီးမားလာပြီး လူထုကလည်း အရင်ကလောက် မညည်းညူတော့ဘူး။ စစ်ကောင်စီ ကျဆုံးသွားရင် ပြီးပြီ။ အနိုင်သာတိုက်ဆိုတဲ့ အားပေးမှုတွေ ရှိလာတယ်။ သူတို့ဘဝ အနစ်နာခံပြီး အားပေးထောက်ခံမှုတွေ ရှိလာတယ်။ အဲဒီအတွက် အခုချိန်မှာ အိမ်ပြန်ဖို့ မျှော်လင့်ချက်တွေ ပိုပြီးတော့ ရှိလာတာပေါ့။ တိုက်ပွဲတွေသာနိုင်ရင် ကိုယ့်အိမ်ကိုယ် ပြန်လာရပြီဆိုတဲ့ မျှော်လင့်ချက်တွေပေါ့။ ဒုက္ခသည်တွေကတော့ နေရာတော်တော်များများမှာ အမြဲတမ်းနေရမယ့် အခြေအနေတော့မရှိဘူး။ ကိုယ့်အိမ်ကိုယ်ပြန်ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ သည်းခံနေရတယ်။ တောင့်ခံနေရတဲ့သဘောမျိုး ရှိပါတယ်။ ဖြစ်လည်းဖြစ်လာလိမ့်မယ်လို့ ယူဆပါတယ်။

မေး။ ။ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာဆိုရင် စစ်ကောင်စီတပ်သားတွေဟာ တဖက်နိုင်ငံထဲကို အုပ်စုလိုက်ထွက်ပြေးကြတာမျိုးတွေ ရှိခဲ့တယ်။ အကြမ်းဖက်မှုတွေကို ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်သားတွေကို အခုလိုချက်ချင်းပြန်ပို့တာက မြေပြင်တိုက်ပွဲတွေကို ပြန်ရောက်လာအောင် အိန္ဒိယ အနေနဲ့ ကူညီနေတဲ့သဘောမျိုး ဖြစ်နေတယ်။ ဒီနိုင်ငံတွေကို စစ်ကောင်စီနဲ့ မပူးပေါင်းသင့်ဘူးလို့လည်း တချို့က ဝေဖန်ကြတဲ့အပေါ် ဘယ်လိုမျိုးသုံးသပ်ပါလဲ။

ဖြေ။ ။ ဒါကတော့ သူတို့နိုင်ငံရဲ့အကျိုးစီးပွားကို ကြည့်တာပေါ့။ အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့အတွက် အစိုးရ အချင်းချင်းဆက်ဆံရေးကိုပဲ သူတို့က အသိအမှတ်ပြုတယ်။ တော်လှန်ရေးအင်အားစုတွေကိုကြတော့ လက်ရှိ အခြေအနေအရ အစိုးရကို တော်လှန်ပြီးတော့ အစိုးရလည်း ဖွဲ့နိုင်တဲ့အနေထားထိ တခါမှလည်း မရောက်ခဲ့ဖူးသေးတော့ သူတို့အနေနဲ့ တိုက်ပွဲတွေ မကြာခင် ပြီးဆုံးသွားလိမ့်မယ်။ တော်လှန်နေတဲ့ သူတွေကလည်း ကျရှုံးသွားလိမ့်မယ်လို့ အမြင်မျိုး ရှိတယ်။ ဒါကြောင့်လက်ရှိအစိုးရနဲ့ပဲ ဆောင်ရွက်တာ၊ ပူးပေါင်းတာ ငါတို့အတွက် အကျိုးအမြတ်ရှိမယ်ဆိုတဲ့ မျှော်လင့်ချက်ပေါ့။ ဒီမိုကရေစီအင်အားစုတွေ၊ တော်လှန်ရေး အင်အားစုတွေဘက်က ဘာပဲဖြစ်ဖြစ် ရပ်တည်ပေးမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး သူတို့မှာမရှိဘူး။ ကိုယ်ကျိုးစီးပွါးပဲ သူတို့ကြည့်တယ်။ ဒါကြောင့် ဒီလိုအခြေအနေမျိုး ဖြစ်နေတယ်လို့ ယူဆတယ်။

ဒါလည်းမကြာခင်တော့ ဒီဘက်က အခြေနေတွေကို ကြည့်ပြီးတော့ သိသိသာသာ ပြောင်းလဲလာမယ်လို့ ယူဆတယ်။ အထူးသဖြင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို သတိထားရမှာက ဒီနေ့ကြေညာချက်မှာဆိုရင် RSO၊ ARA တို့က ပါဝင်ပတ်သက်နေတယ်။ စစ်ကောင်စီတပ်တွေက သူတို့ဆုတ်ခွာသွားပြီဆိုရင် သူတို့လက်နက်တွေကို ပြည်သူတွေလက်ထဲ ထိုးအပ်ပြီးတော့ တဘက်လှည့်နဲ့ ရခိုင် AA တပ်ကို တိုက်ဖို့အတွက် လုပ်ဆောင်နိုင်တာမျိုး ဖြစ်လာနိုင်တဲ့ အခြေအနေရှိတယ်။ အခုလည်း သူတို့ လက်နက်တွေကိုပေးတယ်။ ရောင်းတယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ မြန်မာစစ်တပ်လက်နက်တွေဟာ AA လက်ထဲကို ရောက်မယ့်အစား AA ကို တိုက်နေတဲ့ AA နဲ့ ပဋိပက္ခဖြစ်အောင် ဖန်တီးချင်တဲ့ ဆန္ဒမျိုးနဲ့ တဘက်လှည့်နဲ့ အကြမ်းဖက်အဖွဲ့တွေကို ထောက်ပံ့ပေးတယ်ပေါ့။ ဒါကို ဘင်္ဂလားဒေ့ရှ် ကလည်း မသိချင်ယောင်ဆောင်နေတယ်။ အဲ့ဒီသဘောမျိုးက ကျွန်တော့်တို့အတွက်တော့ နည်းနည်းရှေ့ကို ပိုပြီးတော့ သတိထားရမယ့်အခြေနေမျိုး ရှိတယ်လို့တော့ မြင်ပါတယ်။

မေး။ ။ မကြာသေးခင်က ဘီဘီစီနဲ့ အင်တာဗျူးမှာ AA စစ်ဦးစီးချုပ်ကနေပြီးတော့ ရခိုင်အပြင် အခြားတိုင်းရင်းသားတွေ လွတ်မြောက်ရေးအတွက်လည်း အတတ်နိုင်ဆုံး ကူညီပေးသွားမယ်လို့ ပြောဆို သွားတာမျိုး ရှိပါတယ်။ ဒါဟာအရင်တုန်းက ရက္ခိုင့်တပ်တော်က ပြောခဲ့သလိုမျိုး ရက္ခိတအိမ်မက်ကို ကျော်လွန်ပြီး ပြည်ထောင်စုစစ်စစ်ကိုသွားဖို့ ရည်ရွယ်တာမျိုးလို့ ဆိုလို့ရနိုင်ပါသလား။ အခုလို ဗိုလ်ချုပ် ပြောသွားတဲ့အပေါ်မှာရော ဆရာ့အနေနဲ့ ဘယ်လိုမျိုး သုံးသပ်ပါလဲရှင်။

ဖြေ။ ။ AA က အခုအင်အားကအစ နည်းတယ်ဆိုပေမယ့်လို့ ရခိုင်တွေရဲ့မျိုးချစ်စိတ်ဓာတ်ခိုင်မာမှုနဲ့ အတူ ရှင်သန်ကြီးထွားလာတယ်။ နောက်ပြီး စစ်အာဏာရှင်စနစ်ကျဆုံးမှ ရခိုင်တွေရဲ့ ရက္ခိတအိမ်မက်ဟာ ပိုပြီးထင်ရှား လာမှာဖြစ်သလို ရခိုင်ပြည်တခုတည်း လွတ်မြောက်ပြီး အခြားဒေသတွေ မလွတ်မြောက်နိုင်ဘူးဆိုရင် ရခိုင်ပြည် အတွက် ပိုပြီးအန္တရာယ်ရှိလာနိုင်တာကို တွေးတာပေါ့။ ဒါကြောင့် စစ်အာဏာရှင်စနစ်ကို တိုက်နေတဲ့အဖွဲ့တွေနဲ့ အတူ လက်တွဲပြီးတော့ ဆောင်ရွက်တယ်။ မရှိရှိတဲ့ အင်အားလေးနဲ့ မျှဝေပြီးတော့ မဟာမိတ်တပ်တွေဘက်က ကူညီတိုက်ခိုက်တယ်။ ဒါက ရက္ခိတအိမ်မက်ထက် ကျော်လွန်တာ မဟုတ်ဘူး။ ရက္ခိတအိမ်မက်ကို ပိုပြီးတော့ ခိုင်မာအောင် တည်ဆောက်တာပဲ ဖြစ်တယ်။ ပြီးတော့ စစ်အာဏာရှင်တွေ မကျရှုံးသမျှ ကျွန်တော်တို့မှာ အန္တရာယ် ရှိတယ်။ ဒါကြောင့် ဗမာပြည်ဘက်မှာလည်း စစ်အာဏာရှင်စနစ် ကျဆုံးဖို့လိုတယ်။ ဒီမိုကရေစီ အင်အားစုတွေ၊ ဖက်ဒရယ်လိုချင်တဲ့ ပြည်နယ်တွေ ပေါ်ထွက်လာဖို့လိုတယ်။ အဲ့ဒီလိုအခြေနေမျိုးက ကျွန်တော်တို့ အတွက် ပိုပြီးတော့ အာမခံချက်ရှိတယ် ဆိုတဲ့သဘောမျိုးနဲ့ ရှိတဲ့အင်အားလေးနဲ့ မဟာမိတ်ကောင်းပီသစွာ ဝင်ပြီးတော့ ကိုယ့်မဟာမိတ်တွေကို ကူညီတယ်လို့ မြင်ပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ရခိုင်အပါအဝင် မြန်မာတစ်နိုင်ငံလုံးရဲ့ စစ်ရေး၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ ဘာများဖြည့်စွက်ပြီး ပြောချင်ပါလဲ။

ဖြေ။ ။ ဒီအချိန်မှာတော့ စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ဗမာပြည်မှာရှိတဲ့သူတွေရော၊ ရခိုင်ပြည်မှာ ရှိတဲ့လူတွေရော အကုန်လုံးဝိုင်းတိုက်ပြီးတော့ အာဏာရှင်စနစ် ကျဆုံးဖို့ ပူးပေါင်းရမယ့် အချိန်ဖြစ်တယ်လို့ မြင်တယ်ဗျ။ ဒီအချိန်မှ စစ်အာဏာရှင်စနစ် မကျဆုံးဘဲ ပြန်ပြီး ခေါင်းထောင်လာမယ်ဆိုရင် ကျွန်တော်တို့တသက်၊ ကျွန်တော်တို့မျိုးဆက်တွေတသက် စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ အကြောင်းမရှိတော့ဘူး။ အဲ့လိုအခြေအနေနဲ့အတူ နိုင်ငံကလည်း ဘယ်တော့မှ တိုးတက်ကြီးပွါးလာမှာ မဟုတ်တော့ဘူး။ အခုလိုပဲ သူများနိုင်ငံတွေဆီမှာ သွားပြီးတော့ အောက်ကျနောက်ကျခံပြီး အလုပ်ကိုလုပ်နေရတဲ့ အခြေနေမျိုးကနေလွတ်မှာ မဟုတ်တော့ဘူး။ ဒါကြောင့် ဂုဏ်ရှိရှိ တိုင်းပြည်တစ်ခုကို တည်ဆောက်နိုင်မယ်ဆိုရင်တော့ နှစ်ပေါင်း ၇၅ နှစ်ကြာ စစ်အာဏာရှင် တွေ အုပ်စိုးခဲ့တဲ့အခြေအနေက ကျွန်တော်တို့ လွတ်မြောက်အောင် လုပ်ရတော့မယ်။ ဒါမှ ကျွန်တော်တို့တိုင်းပြည်က ကောင်းစားလာမယ်။

ပြည်ထောင်စုဆိုရင်လည်း အဲ့ဒီလိုပေါ့ ၇၅ နှစ်တိုင်တိုင် ဘာမှကို တိုင်းရင်းသားတွေရဲ့ရင်ထဲကို မသွင်းနိုင်ခဲ့တဲ့ မူဝါဒမျိုး၊ လုပ်ဆောင်ချက်မျိုးကို အပြီးတိုင်ချုပ်ငြှိမ်းနိုင်မှ သူတို့ပြောနေတဲ့ ပြည်ထောင်စု ဆိုတာကြီးလည်း ဖြစ်လာလိမ့်မယ်။ အဲ့လိုမှမဟုတ်ရင် အကုန်လုံး ပြည်ထောင်စု ဆိုတာကြီးထဲက ခွဲထွက်သွားနိုင်တယ်။ အဲ့ဒါကြောင့် အခုချိန်ဟာ အကောင်းဆုံးလက်တွဲရမယ့်အချိန်၊ အကောင်းဆုံး ပါဝင်ရမယ့်အချိန်၊ ဘယ်သူမဆို ထိုင်ပြီးတော့ ကြည့်နေရမယ့်အချိန် မဟုတ်တော့ဘူး။ နှုတ်အားဖြင့် သော်လည်းကောင်း၊ လက်အားဖြင့် သော်လည်းကောင်း၊ ငွေအားဖြင့် သော်လည်းကောင်း ပါဝင်လုပ်ဆောင်ရမယ့် အခြေအနေမျိုး ဖြစ်တဲ့အတွက် တတိုင်းပြည်လုံး ဝိုင်းဝန်းပူးပေါင်းပြီးတော်လှန်ကြဖို့ ကျွန်တော့်အနေနဲ့ သဘောထားရှိပါတယ်။ အဲ့ဒီလိုလည်း တိုက်တွန်းပါတယ်ခင်ဗျ။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here