“ဒီအခြေအနေမှာကတော့ ဘယ်သူမှမပြန်ရဲတော့ဘူး။ မီးရှို့မခံရတဲ့အပိုင်းဘက်က သူတွေတောင် ဒီဘက်ကို ပြန်ထွက်ပြေးလာကြတယ်။ ပြန်ရင်လည်း လုံခြုံမှုက မရှိတော့ဘူး။ ပြီးအရင် အနီးတဝိုက်တွေမှာလည်း ကားမိုင်းစစ်တပ်နဲ့ နန့်ယားစစ်တပ်ရှိတော့ တိုက်ပွဲတွေ ဆက်မဖြစ်ဘူးလို့ အာမမခံနိုင်ဘူး” မအူပင်ရွာခံစစ်ရှောင်တစ်ဦး

0
232
ပုံစာ - ကျေးရွာမီးရှို့ဖျက်ဆီးခံရတာကြောင့် လွယ်ဆိုင်ကျေးရွာ၊ကတ်သလစ်ဘုရားကျောင်းဝင်းမှာ တိမ်းရှောင်နေကြသည့် မအူပင်ရွာခံပြည်သူတချို့။

စစ်ကောင်စီတပ်နှင့်ပြည်သူ့စစ်ဖွဲ့အဖွဲ့တွေရဲ့ မီးရှို့ဖျက်ဆီးခံခဲ့ရသည့် မအူပင်ရွာခံစစ်ရှောင်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

ကချင်ပြည်၊ ဖားကန့်သွားလမ်း ကားမိုင်းမြို့အထက်တွင်ရှိပြီး ကချင်ပြည်သူများ အများဆုံးနေထိုင်သည့် မအူပင်ကျေးရွာကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ဖွဲ့အဖွဲ့တွေက ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ စစ်အင်အား အလုံးအရင်းနဲ့ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့လို့ မအူပင်ကျေးရွာတဝက်လောက် မီးလောင်ပျက်စီးခဲ့သည်။

မအူပင်ကျေးရွာတွင် ကချင်လူမျိုးနှင့် ဂေါ်ရခါးအပါအဝင် တခြားလူမျိုးတွေက ရွာရဲ့အပေါ်အောက် ၂ ပိုင်းပိုင်း နေထိုင်ကြတာဖြစ်ပြီး လက်ရှိတွင် ကချင်အများဆုံးနေထိုင်သည့် အပိုင်းထဲက နေအိမ် ၂၀ ကျော် မီးရှို့ဖျက်ဆီး ခံလိုက်ရတာ ဖြစ်တယ်လို့ ဒေသခံတွေကဆိုသည်။

ဒီဖြစ်စဉ်က စစ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်ထဲရှိ ကျေးရွာမီးရှို့ဖျက်ဆီးခံရတာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့သည့်နှစ် ၂၀၂၂ ခုနှစ် ဩဂုတ်လမှာ ဖားကန့်၊ ဆယ်ဇင်းကျေးရွာ မီးရှို့ခံရမှု ပထမအကြိမ် ဖြစ်ပွားခဲ့တယ်လို့ သိရသည်။

မအူပင်ကျေးရွာ မီးရှို့ဖျက်ဆီးခံရတာဟာ ကားမိုင်းအနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိပေမယ့် စစ်ကောင်စီ ဘက်ကနေ လာရောက်မီးရှို့ဖျက်ဆီးသွားတာဖြစ်ပြီး၊ အခုလို ကျေးရွာမီးရှို့ဖျက်ဆီးခံရတာကြောင့် မအူပင်ဒေသခံ ၁၈၀ ကျော်ဟာ မအူပင်ကျေးရွာနှင့် အနီးတဝိုက်မှာရှိ ကထန်ယန်(Gahtan Yang)၊ လွယ်ဆိုင် (Loi Seng) ကျေးရွာ ၂ ရွာမှာ လူခွဲပြီး သက်ဆိုင်ရာ ဘာသာရေးဘုရားကျောင်းဝင်းနေရာတွေမှာ ထွက်ပြေးတိမ်းရှောင် နေကြရသည်။

အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့် မအူပင်ရွာဒေသခံတွေဟာ လက်ရှိတိမ်းရှောင်နေတဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရပါသလဲ။ သူတို့တွေရဲ့အခြေအနေနဲ့ ပတ်သက်ပြီး လွယ်ဆိုင်ကျေးရွာထဲက ကတ်သလစ် ဘုရားကျောင်းဝင်းမှာ တိမ်းရှောင်နေကြသည့် မအူပင်ရွာခံစစ်ရှောင်တစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။ ။ နေအိမ်တွေမီးရှို့ခံရတဲ့အတွက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြတယ်လို့ သိရပါတယ်။ နောက်ဆုံး အခြေအနေလည်း ပြောပေးပါအုံး။

ဖြေ။ ။ အခုကတော့ ကထန်ယန်နဲ့ လွယ်ဆိုင်ကျေးရွာ ၂ ခုထဲမှာ တိမ်းရှောင်နေကြပါတယ်။ ကိုယ်နဲ့ သက်ဆိုင်တဲ့ ဘုရားကျောင်းတွေမှာ ရှိနေကြတယ်။ ကတ်သလစ်တွေက လွယ်ဆိုင်ကျေးရွာမှာ တိမ်းရှောင် နေကြတယ်။ KBC က လူဦးရေများတဲ့အတွက် ကထန်ယန်မှာ အဲ့လိုခွဲပြီးနေကြပါတယ်။

မေး။ ။ အခုက ထွက်ပြေးတိမ်းရှောင်လာတဲ့ရက်က တပတ်လောက်ရှိလာပြီဆိုတော့ ဘယ်လိုအခက်အခဲတွေ ရှိနေလဲ။ အကူအညီထောက်ပံ့တာတွေရောရလား။

ဖြေ။ ။ အစားအသောက်ဖြစ်တဲ့ဆန်က အဲ့လောက်မဟုတ်သေးပေမယ့် အရေးပေါ် လိုအပ်နေတာလေးက ဆေးဝါးတွေ ဖြစ်တယ်။ အတူတူပေါင်းနေကြတယ်ဆိုတော့ ဖျားနာတဲ့သူတွေ များလာတယ်။ ပြီးရင် အဝတ်အစားနဲ့ ခြင်ထောင်တွေ လိုအပ်နေပါတယ်။ ဒီမှာက ဆေးပေးခန်းတွေရှိပေမယ့် ဆေးဝါးတွေ မရှိကြဘူး။ ဒါကြောင့်ဖြစ်နိုင်ရင် ဆေးဝါးပစ္စည်းနဲ့ အဝတ်အစားတွေကို ကူညီပေးစေချင်ပါတယ်။

မေး။ ။ အခုတိမ်းရှောင်နေတဲ့နေရာမှာ နေရာအခက်အခဲရောရှိလား။ ဘယ်လိုပုံစံနဲ့ နေထိုင်ကြလဲ။

ဖြေ။ ။ သိတဲ့အတိုင်းပါပဲ၊ အားလုံးက အဝတ်တထည်နဲ့ ထွက်လာတာဖြစ်တယ်။ နေရတာလည်း ဘုရားကျောင်းဝင်းထဲမှာရှိတဲ့ ဟောခန်းနေရာတွေမှာပဲ ဖြစ်သလိုနေနေကြတယ်။ တချို့က မိသားစုနဲ့ဆိုတော့ အဆင်မပြေဘူး။ တာဝန်ခံတွေက နေရာပြန်ချဲ့ပေးဖို့တော့ပြောတယ်။ ဒါပေမယ့် ငွေရေးကြေးရေးက အခက်အခဲ ဖြစ်နေကြပါတယ်။

မေး။ ။ မအူပင်စစ်ရှောင်တွေအနေနဲ့ ဘယ်လိုရပ်တည်သွားဖို့ရှိလဲ။ နေရပ်ပြန်ပြီး ပြန်လည်ထူထောင်ရေးတွေ လုပ်ဖို့ရှိလား။ ဆက်လက်ဘယ်လို လုပ်ဆောင်သွားဖို့ရှိလဲ။

ဖြေ။ ။ ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ခံတွေနဲ့ ဆွေးနွေးတိုင်ပင်တာတွေ ရှိနေပါပြီ။ ကျနော်တို့တွေက အိုးမဲ့အိမ်မဲ့တွေ ဖြစ်သွားပြီ။ ဖြစ်တဲ့အတွက် ရွာထဲပြန်ဝင်ဖို့ကလည်း အဆင်မပြေသေးဘူး။ အားလုံးသဘောတူ ထားတာက အခုရှုပ်ထွေးနေတဲ့ အချိန်အတောအတွင်းထဲမှာ ဒီမှာပဲစစ်ရှောင်အနေနဲ့ ဆက်နေသွားဖို့ စီစဉ်ထားပါတယ်။

မေး။ ။ ဒါဆိုရင် နေရပ်မပြန်ဘဲ စစ်ရှောင်စခန်းနဲ့နေဖို့ ပြောချင်တာလား။ အဲလိုနေသွားမယ်ဆိုရင်ရော ဘယ်နေရာမှာနေဖို့ ဆုံးဖြတ်ထားပါလဲ။

ဖြေ။ ။ စစ်ရှောင်တာဝန်ခံတွေနဲ့ ဒီမှာရှိတဲ့လူကြီးတွေနဲ့ တိုင်ပင်ကြတော့ ဘယ်လိုဖြစ်ဖြစ် လောလောဆယ်က နေရပ်ပြန်လို့ မရသေးဘူး။ အဲဒါကြောင့် ကထန်ယန်မှာက ယခင် ၃ နှစ်လောက်ကနေ KIO ဘက်ကနေ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စင်တာလုပ်ဖို့ မြေကွက်နေရာတစ်ခု ယူထားတာရှိတယ်။ လောလောဆယ် မပြန်သရွေ့က အဲ့နေရာမှာပဲ စခန်းတွေဆောက်လုပ်ပြီး နေကြဖို့ စီစဉ်ထားပါတယ်။

မေး။ ။ ရွှေ့ပြောင်းနေထိုင်တဲ့ အစီအစဉ်တွေ ဘယ်တော့လောက် စတင်နိုင်မလဲ။

ဖြေ။ ။ အခုတခါတည်းတော့ လုပ်လို့မရသေးဘူး။ ဘာလို့လဲဆိုတော့ အဲဒီနေရာမှာ နေရာချဖို့က တာဝန်ရှိတဲ့ သူတွေကို ခွင့်တွေတောင်းရအုံးမယ်။ အဲဒါလည်း ဘယ်လောက်ထိကြာပြီးမှပဲ ပြန်အကြောင်းကြားလာမလဲ မသိဘူး။ နောက်ဆုံး နေဖို့ခွင့်ပြုပေးရင်တောင်မှ ဆောက်လုပ်ရေးတွေ ပြန်လုပ်ရမယ်ဆိုတော့ ၂ လ ဝန်းကျင် လောက်တော့ ကြာမယ်ထင်တယ်။

မေး။ ။ မအူပင်ကျေးရွာမီးဘေးကြုံခဲ့ရတဲ့ ဒေသခံပြည်သူတွေက စစ်ရှောင်စခန်းနဲ့နေဖို့ ဆုံးဖြတ်လိုက်တာက ဘာကြောင့်လဲ။

ဖြေ။ ။ ဒီအခြေအနေမှာကတော့ ဘယ်သူမှမပြန်ရဲတော့ဘူး။ မီးရှို့မခံရတဲ့အပိုင်းဘက်က သူတွေတောင် ဒီဘက်ကို ပြန်ထွက်ပြေးလာကြတယ်။ ပြန်ရင်လည်း လုံခြုံမှုက မရှိတော့ဘူး။ ပြီးအရင် အနီးတဝိုက်တွေမှာလည်း ကားမိုင်းစစ်တပ်နဲ့ နန့်ယားစစ်တပ်ရှိတော့ တိုက်ပွဲတွေ ဆက်မဖြစ်ဘူးလို့ အာမမခံနိုင်ဘူး။ တိုက်ပွဲတွေ ပြန်ဖြစ်တဲ့ အခါကျရင် ပြန်ထွက်ပြေးရမယ့်အတူတူ အခုခဏရှောင်နေလိုက်တဲ့ အခြေအနေသဘောပါ။

မေး။ ။ တိုက်ပွဲတွေမဖြစ်ပေမယ့် မအူပင်ရွာက ဘာကြောင့်မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ထင်လဲ။

ဖြေ။ ။ အဓိကတော့ KIA တပ်တွေ ရွာကို အဝင်အထွက်လုပ်နေတယ်။ ဒါကလည်း သူတို့အလုပ် သူတို့ လုပ်တယ်လို့ပဲ မြင်ပါတယ်။ မအူပင်အနီးတဝိုက်မှာလည်း KIA တွေ ရှိတယ်လို့ သတင်းကြားလို့ ဖြစ်မယ်။ ပြီးရင် ဖားကန့်လမ်းမှာဖြစ်တဲ့ တိုက်ပွဲတွေမှာ KIA တပ်စခန်းသိမ်းနိုင်တာတွေ၊ နောက် ဖြစ်တဲ့တိုက်ပွဲတွေမှာက စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိတော့ ရွာတွေကို မီးရှို့ဖျက်ဆီးပေးလိုက်တာလို့ ထင်ပါတယ်။

မေး။ ။ ဒါဆိုရင် မအူပင်ရွာမှာက လူတွေရောရှိသေးတာလား။ မီးရှို့ခံရတာက တရွာလုံးလား။

ဖြေ။ ။ မအူပင်ရွာမှာက အိမ်ခြေ ၄၀ လောက် ရှိပါတယ်။ အဲထဲမှာ ကချင်တွေပဲ သီးသန့်နေတဲ့ ရပ်ကွက်နဲ့ တခြားလူမျိုးတွေနေတဲ့ ရေကာတာရပ်ကွက်ဆိုပြီး ၂ ပိုင်း ရှိပါတယ်။ အခုမီးရှို့ခံရတာက ကချင်ရပ်ကွက် အပိုင်းပေါ့။ အခုက ရေကာတာအပိုင်းဘက်က အိမ်ခြေ ၂၀ လောက် ကျန်ရှိနေသေးတယ်။ အဲ့က တချို့တောင် ကြောက်ပြီး ဒီဘက်ကို ထွက်ပြေးလာတဲ့သူတွေတောင် ရှိပါတယ်။

မေး။ ။ မအူပင်ရွာက ဖားကန့်လမ်းပေါ်ရဲ့ ဘယ်နားလောက်မှာရှိတဲ့ ကျေးရွာပါလဲ။

ဖြေ။ ။ ကားမိုင်းကနေ ဖားကန့်လမ်းအတိုင်း တက်သွားရင် ၆ မိုင်လောက်ဝေးတဲ့ နေရာမှာရှိပါတယ်။ အခု တိမ်းရှောင်နေကြတဲ့ ကထန်ယန်၊ လွယ်ဆိုင်ဘက်ကို သွားလို့ရတဲ့ လမ်းဆုံနေရာမှာ ရှိနေတာဖြစ်တယ်။ ရွာကတော့ ကားမိုင်းမြို့ရဲ့ မြို့မရပ်ကွက်ဆိုပြီး ရှိနေသေးတာဖြစ်တယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ဘာပြောချင်လဲ။ ပြည်သူတွေကိုကော ဒီကနေ ဘာပြောချင်လဲ။

ဖြေ။ ။ ပြည်သူလူထုတွေကို ရန်သူသတ်မှတ်ပြီးတော့ ဖိနှိပ်နေတဲ့ စစ်တပ်ရှိနေသရွေ့ ဘယ်နေရာ ဘယ်ဒေသမှာပဲ ရှိနေရှိနေ ကြောက်ရွံ့ပြီးနေရတာပဲ။ ဆိုတာက ကျေးလက်ဒေသမှာရှိကြတဲ့ ပြည်သူတွေအတွက် လုံခြုံမှုဆိုတာ မရှိတော့ဘူးဆိုတာ အားလုံးသိတဲ့အတိုင်းပါပဲ။ ကျနော်တို့တွေအတွက် ဘဝအာမခံချက် မရှိတော့ဘူး။ အဲဒါကြောင့် အားလုံး သတိနဲ့နေကြဖို့ ဒီကနေ တိုက်တွန်းလိုက်ချင်ပါတယ်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here