ဆီဆိုင်တိုက်ပွဲ ၄ ပတ်အတွင်း ထွက်ပြေးတိမ်းရှောင်သူဒေသခံ ၇ သောင်း ကျော်ထိရှိလာ

0
188

သျှမ်းပြည်၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူစစ် (PNO/PNA) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တို့ကြား တိုက်ပွဲဖြစ်ပွားမှု ၄ ပတ်အတွင်း စစ်ဘေးရှောင် ၇ သောင်း ကျော်ထိရှိပြီး သေဆုံးမှုများရှိနေကြောင်း Pa-o Youth Organization က ပြောဆိုလိုက်သည်။

ထိုစစ်ဘေးရှောင်များသည် တောင်ကြီး၊ ဟိုပုံး စသည့် မြို့နယ်များနှင့် တောထဲတွင် စစ်ဘေးတိမ်းရှောင်နေရပြီး စားဝတ်နေရေးအတွက်နှင့် နေရာထိုင်ခင်း အခက်အခဲများ ကြုံတွေ့နေရကြောင်း Pa-o Youth Organization မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“စစ်ဘေးရှောင် ၇ သောင်းကျော်က စဖြစ်ကတည်းကနေ အခုထိပေါ့။ ကရင်နီကလေ ဒီဆီဆိုင်ဘက်ရောက်လာတဲ့ လူတွေလည်း ပါတယ်။ အချက်အလက်တွေက ကောက်နေတာပေါ့။ စားဝတ်နေရေးတွေတော့ နိုင်သလောက် ကူညီပေးနေတာပေါ့။ များများထပ်ကူနိုင်ဖို့ ကြိုးစားနေတယ်ပေါ့လေ” ဟု ၎င်းက ဆိုသည်။

အဆိုပါတိုက်ပွဲများကြောင့် ကယား (ကရင်နီ) ပြည်နယ်မှ တိမ်းရှောင်လာသည့် ဒေသခံပြည်သူများ၊ ထပ်ဆင့် တိမ်းရှောင်သည့် ဒေသခံပြည်သူများ အပါအဝင် စစ်ဘေးရှောင် စုစုပေါင်း ၇၀၂၃၁ အထက်ရှိနေကြောင်း Pa-o Youth Organization ထံမှ သိရသည်။

စစ်ဘေးရှောင် ၇ သောင်းကျော်ထဲတွင် အသက်ကြီးရွယ်အိုများပါဝင်ပြီး အသက် ၅၀ အထက်ရှိသူ ၃၀ ရာခိုင်နှုန်းခန့် ပါရှိပြီး၊ ၁၀ နှစ်အောက်ဝန်းကျင်ကလေးများ ၂၀ ရာခိုင်နှုန်းခန့် ပါရှိနေပြီး လူလက်ပိုင်းများက မြို့နှင့် မနီးမဝေး တောများထဲတွင် စစ်ဘေးရှောင်နေရသည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားသည့်ကာလ ၄ ပတ်အတွင်း စစ်ကောင်စီမှ လေးကြောင်ဖြင့်ဗုံးကြဲတိုက်ခိုက်မှု ၂၆၃ ကြိမ်၊ လက်နတ်ကြီးဖြင့် ပစ်ခတ်မှု ၃၁၁ ကြိမ် ရှိခဲ့ပြီး အရပ်သားနေအိမ် ၆၅ လုံး၊ဘာသာရေး အဆောက်အဦးပျက်စီးမှု ၁၂ လုံး ရှိခဲ့ကြောင်း Pa-o Youth Organization ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

PNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့တို့ အကြား တိုက်ပွဲများကြောင့် တောတောင်ထဲ ထွက်ပြေး တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များသည် ရက်ရှည်လာကြာနှင့်အမျှ စုဆောင်းထားသည့် စားနပ်ရိက္ခာများ နည်းပါးလာပြီဖြစ်ကြောင်း စစ်ဘေးရှောင်ကူညီသူထံမှ သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here