TNLA တပ် ထိန်းချုပ်ထားသည့်နယ်မြေမှာ ဒေသခံတွေကြားခွဲခြားဆက်ဆံမှုရှိလို့ အခက်ကြုံနေတယ်ဟုဆို

0
303
ပုံစာ - ကွတ်ခိုင်မြို့တွင်းမြင်တွေ့ရသည့် TNLA တပ်ဖွဲ့များ။

ရှမ်းပြည်မြောက်ပိုင်းဒေသမှာ ၁၀၂၇ စစ်ဆင်ရေးအတွင်း နယ်မြေတချို့ တိုက်ခိုက်သိမ်းပိုက်ထားနိုင်သည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့တွေက ဒေသခံတွေအပေါ်မှာ လူမျိုးရေးခွဲခြား ဆက်ဆံမှုတွေနဲ့ အုပ်ချုပ်လာတာကြောင့် အတူယှဉ်တွဲနေထိုင်ကြတဲ့ ဒေသခံတွေကြား အခက်ကြုံနေရတယ်လို့ ဒေသခံတွေက ပြောသည်။

ကွတ်ခိုင်မြို့ကို TNLA တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ထားပြီး ယင်းနေရာဒေသမှာ TNLA ခွင့်ပြုမှသာ လုပ်ဆောင်လို့ရမယ်လို့ တားမြစ်ချက်တွေဟာ ဒေသခံပြည်သူနှင့် လက်နက်ကိုင်တပ်ဖွဲ့တွေကြားမှာ အခက်တွေ့နေတယ်ဟု ဆိုသည်။

နမ္မတူဒေသခံတစ်ဦးက “အခုက စကစကိုတော့ မောင်းထုတ်လိုက်နိုင်ပြီ။ ဒါပေမဲ့ သူတို့က နဂိုရှိတဲ့ စစ်အစိုးရ အတိုင်း ကျင့်သုံးလာတာကို တွေ့ရတော့ စိတ်မကောင်းဘူး။ အခု နမ္မတူမှာလည်း သူတို့ တအာင်းအချင်းချင်း ဆိုရင် ဆက်ဆံပုံကတမျိုး၊ အခြား ရှမ်း၊ ကချင်၊ တရုတ်တွေလည်း အမြောက်အများရှိတယ်။ အဲ့လို အခြားတိုင်းရင်းသားတွေကို ဆက်ဆံတာကတမျိုး ဖြစ်နေတယ်” လို့ ပြောသည်။

ကချင်၊ တအာင်း၊ ရှမ်း၊ တရုတ် ၊ ဗမာ စသဖြင့် တိုင်းရင်းသားအစုံ အတူယှဉ်တွဲ နေထိုင်သည် ကွတ်ခိုင်နှင့် နမ္မတူဒေသတွေမှာ လက်နက်ကိုင်တွေနဲ့ အရပ်သားအချင်းချင်းကြား ထိပ်တိုက်ပြဿနာများ ထပ်မံ မဖြစ်ရလေအောင် အလေးနက် သတိပြုစေချင်တယ်လို့ ရှမ်းမြောက်ဒေသခံတွေက ပြောဆိုသည်။

ဒါ့အပြင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ ကျရောက်သည့် ၆၃ နှစ်ပြည့် ကချင်အမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကွတ်ခိုင်ဒေသခံ ကချင်ပြည်သူတွေက တရက်တာ ကချင်အမျိုးသားအလံလွှင့်ထူတဲ့ အစီအစဉ်ကို ပြုလုပ်ခဲ့ချိန်မှာလည်း အထက်အမိန့်အရဆိုပြီး TNLA တပ်ဖွဲ့ဝင်တွေက ကချင်အမျိုးသားအလံကို လိုက်လံဖြုတ်သိမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောသည်။

အခုလိုလုပ်ရပ်အပေါ်မှာ ကွတ်ခိုင်-ကချင်တမန်အဖွဲ့က ကန့်ကွက်ကြောင်းကို သဘောထား ထုတ်ပြန်ခဲ့တယ် လို့လည်း ဒေသခံတွေ ပြောဆိုမှုအရ သိရသည်။

“ကချင်တမျိုးသားလုံးနဲ့ဆိုင်တဲ့ နေ့ထူးနေ့မြတ် အထိမ်းအမှတ်နေ့မှာတောင် သူတို့အခွင့်မပေးတာတွေ၊ အချင်းချင်း နားမလည်ပေးနိုင်ဘူးဆိုရင် နောက်နောင်ဆိုရင် ပြည်သူတွေနဲ့ လက်နက်ကိုင်တပ်ဖွဲ့က တောက်လျှောက် ပြဿနာတွေ ပေါ်ထွက်လာနိုင်တယ်” လို့ ကွတ်ခိုင်-ကချင်တမန်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကချင်တော်လှန်ရေးနေ့မှာ ကချင်အမျိုးသားအလံ ဖြုတ်သိမ်းခံရတာကြောင့် ကချင်ပြည်သူတချို့က တစ်ရက်သာ ပြုလုပ်သည့် အလံလွှင့်ထူတဲ့အစီအစဉ်ကို ဆက်လက်ကျင်းပဖို့ရန် တောင်းဆိုတာတွေ ရှိခဲ့ပေမယ့် ခွင့်မပြုခဲ့ တာကြောင့် အချင်းချင်းအငြင်းပွားမှု ရှိခဲ့ကြတယ်လို့ ၎င်းက ဆက်ပြောဆိုသည်။

ရှမ်းမြောက်ဒေသ TNLA တိုက်ခိုက်သိမ်းယူထားသည့် နယ်မြေများတွင် နဂိုကတည်းက ရှိနေသည့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ဂိတ်တွေကို ဖယ်ရှားပေးဖို့ TNLA ဘက်က ကြိုးစားမှုတွေလည်း ရှိတယ်လို့လည်း ဆိုသည်။

ကွတ်ခိုင် – မူဆယ် – နမ့်ခမ်း – မိုင်းဝီး – မန်တုံ – နမ္မတူ စသည့် မြို့နယ်တွေကို ဆက်သွယ်ထားသော ကားလမ်းမပေါ်တွင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ ဂိတ်အမြောက်အများချထားကာ ဂိတ်တစ်ခု ဖြတ်ကျော်လျှင် အနည်းဆုံး ၃ သောင်းခန့် ကုန်ကျတယ်လို့ ဒေသခံတွေ ပြောဆိုသည်။

ထိုအခြေအနေတွေကြောင့် ရှမ်းမြောက်နယ်မြေတွေကို အသစ်အုပ်ချုပ်လာသည့် တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့တွေအနေနဲ့ ဒေသခံပြည်သူများနှင့် ကောင်းမွန်စွာ တွေ့ဆုံဆွေးနွေးညှိနှိုင်းပြီးမှ အုပ်ချူပ်မှုယန္တရားကို လည်ပတ်စေချင်တယ်လို့ ရှမ်းမြောက်ဒေသခံတွေက တောင်းဆိုကြသည်။

ကွက်ခိုင်မြို့ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၈ ရက်နေ့က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က သိမ်းပိုက်နိုင်ပြီး နမ္မတူမြို့ကို ၂၀၂၃ ဒီဇင်ဘာ ၂၅ ရက်နေ့က သိမ်းပိုက်ထားနိုင်ခြင်း ဖြစ်သည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here