စစ်မှုထမ်းရန်အတွက် တောင်ကြီးမြို့တွင် အိမ်ထောင်စုစာရင်း ကောက်ခံမည်

0
254
ပုံစာ - တောင်ကြီးမြို့တွင်းတနေရာ။

သျှမ်းပြည်၊ တောင်ကြီးမြို့တွင် စစ်ကောင်စီထံ စစ်မှုထမ်းရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ဦးဆောင်ပြီး အိမ်ထောင်စုစာရင်း လိုက်လံကောက်ခံသွားမည်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်ကောင်စီအသိုင်းအဝန်းများ နေထိုင်သည့် တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်၊ ရွှေတောင်ရပ်ကွက်၊ ချမ်းမြ သာစည် ရပ်ကွက်များတွင် စတင်ကောက်ခံသွားမည်ဖြစ်ပြီး ပြဋ္ဌာန်းထားသော အသက်အရွယ်အလိုက် ကောက်ခံသွားမည် ဖြစ်ကြောင်း တောင်ကြီးမြို့ဒေသခံတစ်ဦးက အခုလိုပြောသည်။

“စစ်တပ်ထဲဝင်ဖို့အတွက် ရပ်ကွက်အုပ်ကြီးတွေက အိမ်ထောင်စုစာရင်းကနေ စာရင်းလိုက်ကောက်မယ်။ စိန်ပန်း၊ ရွှေတောင်၊ ချမ်းမြ သာစည် ရပ်ကွက်တွေဘက် စနေပြီလို့လည်း ကြားတယ်။ တချို့သွားလုပ်ရမှာ ကြောက်လို့ ပြေးရမှာလား၊ ဘာလုပ်ရမလဲ မသိတော့ဘူး” ဟု အဆိုပါဒေသခံက ပြောပါသည်။

စစ်ကောင်စီက ယခုပြဋ္ဌာန်းလိုက်သည့် ပြည်သူ့စစ်မူထမ်းဥပဒေအရ အသက် ၁၈ နှစ် မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ နှစ် မှ အသက် ၂၇ နှစ်အတွင်း အမျိုးသမီးများ စစ်မှုထမ်းရမည် ဖြစ်သည်။

ထို့အပြင် ဖေဖော်ဝါရီလ ၁၃ ရက် ညပိုင်းတွင် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်အတွင်း စစ်မှုထမ်းရန် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများမှ ကားဖြင့်လိုက်လံဆော်သြခဲ့သေးကြောင်း ဒေသခံများက ပြောဆိုသည်။

“မနေ့ကတော့ သူတို့ကားနဲ့လိုက်အော်တယ်။ အသက် ၁၈ နှစ်ပြည့်တဲ့သူတွေကို ရပ်ကွက်ရုံးမှာ စာရင်းသွားသွင်း ခိုင်းတာ။ အခု သားသမီးရှိတဲ့သူတွေတော့ စစ်မှုထမ်းဖို့ စိုးရိမ်နေကြတယ်။ မထမ်းချင်ဘူး” ဟု အသက် ၂၀ ကျော် အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်မှုထမ်းရန်အတွက် စစ်သင်တန်းကာလကို ၃ လ လျာထားပြီး တစ်နှစ်လျှင် ၄ ကြိမ် စစ်မှုထမ်းရန် ခေါ်ယူမည်ဟု ဆိုထားရာ တစ်နှစ်လျှင် ပြည်သူ ၂၀,၀၀၀ စစ်မှုထမ်းရန် ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ကောက်ယူထားသည့် ကြားဖြတ်သန်းကောင်စာရင်းအရ စစ်မှုမထမ်းမနေရ ဥပေဒေနှင့် အကျုံးဝင်သူ မြန်မာနိုင်ငံသား အမျိုးသား ၆ ဒသမ ၃ သန်းနှင့် အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၄ သန်း ရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ပညာရှင်ဟု သတ်မှတ်ခံရသည့် အမျိုးသားများအနေဖြင့် အသက် ၁၈ နှစ် မှ ၄၅ နှစ်အတွင်း၊ အမျိုးသမီးများအနေဖြင့် အသက် ၁၈ နှစ် မှ ၃၅ နှစ် အတွင်း စစ်မှုထမ်းရမည် ဖြစ်သည်။

စစ်မှုထမ်းကာလသည် ၂ နှစ်အထိ ဖြစ်ပြီး အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်း ကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်ကာ စစ်မှုထမ်းရန် ငြင်းဆိုပါက ထောင်ဒဏ် ၅ နှစ် အထိ ချနိုင်ကြောင်းလည်း ယင်းဥပဒေ၌ ပြဋ္ဌာန်ထားပါသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here