ပြည်သူ့စစ်မူထမ်းဥပဒေကြောင့် ချင်းပြည်နယ်ကလူငယ်အမျိုးသမီးများ စိုးရိမ်မှုမြင့်တက်နေ

0
236
Photo – social media

အရွယ်ရောက်ပြီးသူ နိုင်ငံသားတိုင်း စစ်မူထမ်းဆောင်ရန် ဆင့်ခေါ်နိုင်သည့် ပြည်သူ့စစ်မူထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းလိုက်ပြီးနောက် စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် ချင်းပြည်နယ်မြို့ပေါ်တွင် အတင်းအဓမ္မ စစ်သားသစ်စုဆောင်းမူ ပြုလုပ်လာမည်ကို ချင်းပြည်နယ်ရှိ လူငယ်အမျိုးသမီးများကြား စိုးရိမ်မူ မြင့်တက်နေကြောင်း သိရသည်။

မင်းတပ်မြို့ခံ အမျိုးသမီးတစ်ဦးက “မင်းတပ်ဘက်က မြို့ထဲကိုပြန်သွားဖို့ တအားကြောက်မိတယ်။ ကိုယ့်အမျိုး တွေလည်း မြို့ထဲမှာကျန်ခဲ့တာရှိတယ်။ သူတို့တွေကို ဖမ်းမိမှာ စစ်မူထမ်းခိုင်းမှာ စိုးရိမ်တယ်။ ကိုယ်က CDF ထိန်းချုပ်နယ်မြေမှာ နေတဲ့အခါကြတော့ စိုးရိမ်မူမရှိဘူး၊ အဆင်ပြေတယ် မြို့ထဲမပြန်သရွေ့ပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့က စတင်အသက်ဝင်လာသည့် စစ်ကောင်စီ၏ ပြည်သူစစ်မူထမ်းဥပဒေသည် ချင်းပြည်နယ် အပါအဝင် နိုင်ငံတဝန်းတွင် စစ်သားသစ်စုဆောင်းမှုကို တရားဝင်အဖြစ် ဆောင်ရွက်လာမည့် အခြေအနေတွင် ရှိနေသည်။

အဆိုပါ ပြည်သူ့စစ်မူထမ်းဥပဒေအရ အမျိုးသားဆိုလျှင် အသက် ၁၈ နှစ် မှ ၃၅ နှစ် အကြား၊ အမျိုးသမီးဆိုလျှင် အသက် ၁၈ နှစ် မှ ၂၇ နှစ် အတွင်း စစ်မူထမ်းရမည်ဖြစ်သည်။

ချင်းအမျိုးသမီးငယ်တစ်ဦးက “စိုးရိမ်မူက အများကြီးရှိတာပေါ့။ မိန်းကလေးတွေရော၊ ယောကျာ်းလေးတွေ စစ်မှုထမ်းရမယ်ဆိုတော့ သူတို့ကဘယ်လောက်ထိ ကြိုတင်ပြင်ဆင်ထားလဲ ဆိုတာကိုလဲ သတိထားရမယ်။ လွတ်မြောက်နယ်မြေတွေမှာ စစ်ဘေးရှောင်အနေနဲ့ နေရမလား၊ ဒါမှဟုတ်ရင် အခြေနေကိုကြည့်ပြီးတော့မှ ခဏရှောင်ပြီးမှ ပြန်လာပြီး အလုပ်လုပ်ရမလားဆိုတာ စောင့်ကြည့်ရအုံးမယ်။ ငွေကြေးတတ်နိုင်ရင် နိုင်ငံခြားပဲ ထွက်လို့ရတယ်၊ ဒါပေမယ့် လူနည်းစုလောက်ပဲ ထွက်နိုင်မယ်ထင်တယ်။ အဲ့ဒါက သာမာန်အခြေခံလူတန်းစားတွေ အတွက်ကလည်း သိပ်ပြီးအခြေအနေမပေးဘူး” ဟု ပြောသည်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အတင်းအကြပ် အသက်သွင်းကာ အကောင်အထည်ဖော်ရာတွင် အထောက်အကူပြုသည့် လူပုဂ္ဂိုလ်မှန်သမျှနှင့် သက်ဆိုင်ရာအဖွဲ့အစည်း အဆင့်ဆင့်ကို စစ်ရာဇဝတ်မူ ကျူးလွန်သည့် ပြည်သူ့ရန်သူများအဖြစ် သတ်မှတ်ကာ ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်သည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ဖေဖော်ဝါရီ ၁၃ ရက်က ထုတ်ပြန်ခဲ့သည်။

ယင်းဥပဒေကို တရာမဝင် အသက်သွင်းခြင်းကြောင့် ပြည်သူလူထု ကြုံတွေ့လာသည့် ဘေးဒုက္ခများ လျော့နည်းစေရန် အမျိုးသားညီညွှတ်ရေးအစိုးရနေဖြင့် မဟာမိတ်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ လိုအပ်သည့် ကာကွယ်မူများ၊ ကူညီပံ့ပိုးမူများကို လုပ်ဆောင်သွားမည် ဖြစ်သည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here