တမူးမြို့နယ်က ဖမ်းဆီးခံထားရသည့် သနန်ရွာစစ်ရှောင်တချို့ ပြန်လည်လွတ်မြောက်လာ

0
184
ပုံစာ - ပြန်လည်လွတ်မြောက်လာသည့် သနန်ရွာစစ်ရှောင်တချို့။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် သနန်ကျေးရွာမှ ၃ လနီးပါးကြာ ဖမ်းဆီးခံခဲ့ရသည့် စစ်ရှောင်ကျေးရွာသားတချို့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ပြန်လည်လွတ်မြောက်လာကြောင်း ရှမ်းနီအမျိုးသားများ အရပ်ဘက်၊စစ်ဘက် ဆက်ဆံရေးနှင့် ပဋိပက္ခဖြေရှင်းရေး ကော်မတီထံမှ သိရသည်။

“သူတို့က သနန်တိုက်ပွဲမှာ ဖမ်းခံရတဲ့ ရွာသား ၃၆ ယောက်ထဲမှာပါတယ်။ အခုက သနန်ကို ပြန်သိမ်းတဲ့အချိန်မှာ တကွဲတပြား ဖြစ်ပြီးတော့ လွတ်မြောက်လာကြတာ” ဟု ရှမ်းနီအမျိုးသားများ အရပ်ဘက်၊စစ်ဘက် ဆက်ဆံရေးနှင့် ပဋိပက္ခဖြေရှင်းရေးကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ပြန်လည်လွတ်မြောက်လာသူများသည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလက ရှမ်းနီအမျိုးသားများတပ်မတော် SNA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF၊ ကူကီးတပ်တို့ကြား ဖြစ်ပွားခဲ့သည့်တိုက်ပွဲအပြီး ကျေးရွာထဲသို့ ပြန်ဝင်လာစဉ် တော်လှန်ရေးအင်အားစုများ၏ ဖမ်းဆီးမှုခံခဲ့ရခြင်းဖြစ်ကြောင်း လွတ်မြောက်လာသူများက ပြောဆိုသည်။

ပြန်လွတ်လာသည့် သနန်ကျေးရွာခံစစ်ရှောင်တစ်ဦးက “စာသင်ကျောင်းမှာ ဖမ်းခံထားရတာ။ သုံးလပြည့်ဖို့ ဆယ်ရက်ပဲ လိုတော့တယ်။ အများစုက ကူကီးစကားပြောတယ်။ ဗမာစကားပြောတာ နည်းနည်းပဲရှိတယ်။ သူတို့အသံကြားရင် ကြောက်တောင်ကြောက်တယ်။ ယောကျာ်းလေး ခုနှစ်ယောက် မိန်းကလေး ခုနှစ်ယောက် ကိုတော့ မျက်နှာစည်းပြီး ဘယ်ကိုခေါ်သွားသလဲ မသိဘူး” ဟု ၎င်းတို့အတွေ့အကြုံအား ပြန်ပြောဆိုသည်။

တော်လှန်ရေးအင်အားစုများ သိမ်းယူထားသည့် သနန်ကျေးရွာအား ဖေဖော်ဝါရီလ ၁၀ ရက်နေ့က SNA တပ်က ပြန်လည်သိမ်းပိုက်စဉ် ထိမ်းသိမ်းခံထားရသူတချို့ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်းလည်း သိရသည်။

ရှမ်းနီအမျိုးသားများ အရပ်ဘက်စစ်ဘက် ဆက်ဆံရေးနှင့် ပဋိပက္ခဖြေရှင်းရေး ကော်မတီက အဆိုပါ လွတ်မြောက်လာသူ သနန်ရွာသားစစ်ရှောင်များကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ဟုမ္မလင်းမြို့သို့ သွားရောက် ခေါ်ဆောင်၍ နေရာချထားပေးကြောင်းလည်း သိရသည်။

အဆိုပါ ပြန်လွတ်မြောက်လာသူ သနန်စစ်ရှောင်များတွင် အိမ်ထောင်စုလေးစုမှ ကျား ၂ ဦး၊ မ ၆ ဦးနှင့် ကလေး ၂ ယောက် အပါအဝင် စုစုပေါင်း ၁၀ ဦး ဖြစ်ကြောင်းလည်း ရှမ်းနီအမျိုးသားများ အရပ်ဘက်စစ်ဘက် ဆက်ဆံရေးနှင့် ပဋိပက္ခဖြေရှင်းရေး ကော်မတီထံမှ သိရသည်။

အိန္ဒိယနယ်စပ်အနီးတွင် တည်ရှိသည့် သနန်ကျေးရွာသည် ရှမ်းနီလူမျိုး အများဆုံးနေထိုင်သည့် ကျေးရွာဖြစ်ပြီး ကာလအတော်ကြာ ရှမ်းနီအမျိုးသားများတပ်မတော် SNA လှုပ်ရှားသည့် နယ်မြေတစ်ခုလည်း ဖြစ်ခဲ့သည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် တမူး PDF များ၊ ကူကီးပူးပေါင်းတပ်များနှင့် SNA တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စခန်းတချို့ အား ဆုတ်ခွဲခဲ့ရပြီး ၂၀၂၄ ခုနှစ် ဖေဖာ်ဝါရီလ ၁၀ ရက်နေ့တွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း SNA တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဆေကောင်ခမ်း (ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here