စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် မွန်ပြည်သစ်ပါတီ၏ နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့က လက်နက်ကိုင် တိုက်ပွဲဝင်သွားမည်

0
179
Photo - မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-MNLA

မွန်ပြည်သစ်ပါတီ (NMSP) ဗဟို၏ စစ်ကောင်စီနှင့် လက်တွဲဆောင်ရွက်ရန် ဆုံးဖြတ်ချက်ကို လက်မခံသဖြင့် ရပ်တည်ချက်ချင်းတူညီသူ ပါတီဝင်၊ ရဲဘော်များနှင့် စစ်အာဏာရှင်တိုက်ဖျက်ရေးတွင် လက်နက်ကိုင် တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း NMSP နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့က ဖေဖော်ဝါရီ ၁၄ ရက် နေ့စွဲဖြင့် ထုတ်ပြန်ပြောဆိုသည်။

NMSP ၏ ပြီးခဲ့သည့် (၁၁) ကြိမ်မြောက် ပါတီညီလာခံတွင် ပြည်သူများကို အကာအကွယ်ပေးရန် အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ရပ်တည်ချက်များကို ဆွေးနွေးခဲ့သော်လည်း ပါတီဗဟိုအနေဖြင့် စစ်ကောင်စီနှင့် နှစ်ဖက်သဘောတူ အပစ်ရပ်စာချုပ်ပေါ်တွင် ရပ်တည်ပြီး ဆက်လက်ပူးပေါင်းဆက်ဆံရန် ဆုံးဖြတ်ချက်ကြောင့် ထိုသို့ရပ်တည်ရခြင်း ဖြစ်သည်ဟု ထိုအဖွဲ့ထံမှ သိရသည်။

ဗဟိုနှင့် အဖွဲ့ကြား မိမိတို့ယုံကြည်ရာ နည်းလမ်းအတိုင်း ဆက်သွားမည့်အပေါ်တွင် ပဋိပက္ခ မဖြစ်စေရန် ရှောင်ရှား ဆောင်ရွက်သွားမည် ဖြစ်သလို မွန်ပြည်သစ်ပါတီတစ်ခုလုံးအနေဖြင့် ရည်ရွယ်ချက်ပန်းတိုင်ချင်း တူညီကြောင်း အဖွဲ့၏ ဒုတိယခေါင်းဆောင် (၁) နိုင်ဗညားလယ်က အခုလိုပြောသည်။

“မွန်ပြည်သစ်ပါတီတစ်ခုလုံးအနေနဲ့ ရည်ရွယ်ချက်ပန်းတိုင်ကတော့ တူတူပဲ။ လုပ်ပုံလုပ်နည်းကတော့ ကွဲပြားသွားတာပေါ့။ မွန်ပြည်သစ်ပါတီဗဟိုအနေနဲ့ Bilateral (နှစ်ဖက်အပစ်ရပ်စာချုပ်) ကို ဆက်ပြီးတော့ ထိန်းသိမ်းမယ်။ ကျနော်တို့ကတော့ စစ်အာဏာရှင်စနစ်ကို တိုက်မယ်။ နည်းလမ်းကွဲတဲ့ အပေါ်မှာတော့ ကိုယ်ယုံကြည်တဲ့နည်းလမ်းနဲ့ သွားမှာပါ။ တဖက်ရဲ့သဘောထားကို မသိရသေးဘူဆိုပေမဲ့ ကျနော်တို့ကတော့ ပဋိပက္ခ မဖြစ်အောင် ရှောင်ရှားပြီးတော့ လုပ်ဆောင်မှာပါ” ဟု နိုင်ဗညားလယ်က ပြောသည်။

NMSP အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အစိုးရအဆက်ဆက်ဖြင့် ညှိနှိုင်း ဆောင်ရွက်ခဲ့သလို စစ်ကောင်စီနှင့်လည်း ပြည်ထောင်စုတည်ဆောက်ရေး အခြေခံမူများ၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးတို့အား ညှိနှိုင်းတင်ပြခဲ့သော်လည်း စစ်ကောင်စီက လက်ခံခြင်းမရှိသည့်အပြင် မွန်ပြည်နယ်အတွင်း လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ၊ အကြမ်းဖက် သတ်ဖြတ်ဖျက်ဆီးမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု အဖွဲ့က ထုတ်ပြန်ပြောဆိုသည်။

ထိုအတွက်ကြောင့် နိုင်ငံရေးအရ တွေ့ဆုံမှုများအား ရပ်ဆိုင်းပြီး မိမိတို့ပါတီညီလာခံအတွင်း အချင်းချင်းကြား တင်ပြညှိနှိုင်းဆွေးနွေးသော်လည်း စစ်ကောင်စီကို တော်လှန်သည့်နည်းလမ်းအပေါ် ရပ်တည်ခြင်း မရှိကြောင်း နိုင်ဗညားလယ်က ဆက်ပြောဆိုသည်။

“ကျနော်တို့ လိုလားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီအတွက်က စစ်ကောင်စီကို ချေမှုန်းပြီး အာဏာရှင်စနစ် ချုပ်ငြိမ်းမှသာ ပန်းတိုင်ကိုရောက်ရှိနိုင်မယ်လို့ မြင်တယ်။ ဒီအပေါ်မှာ ပြီးခဲ့တဲ့ ပါတီညီလာခံမှာ ကျနော်တို့ တင်ပြဆွေးနွေးတဲ့အခါမှာ အများအားဖြင့်က စစ်ကောင်စီကိုတိုက်ခိုက်ဖို့ နည်းလမ်းကို မရွေးချယ်ဘဲ ကိုယ့်ဒေသငြိမ်းချမ်းဖို့ စစ်ကောင်စီနဲ့ ဆက်လက်ပြီးဆက်ဆံသွားမယ့်အကြောင်း ဆုံးဖြတ်ချက်ချမှတ်တယ်” ဟု ၎င်းက ဆိုသည်။

အဖွဲ့အနေဖြင့် လက်နက်ကိုင်တိုက်ပွဲဝင်မည့် နည်းလမ်းအပေါ်တွင် NMSP ၏ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-MNLA မှ အရာရှိ၊ ရဲဘော်များ ပါဝင်လာမည် ဖြစ်သော်လည်း ခန့်မှန်းအရေအတွက်ကို မသိရှိရသေးကြောင်း နိုင်ဗညားလယ်က ဆက်ပြောပါသည်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် NMSP အထွေထွေအတွင်းရေးမှူး နိုင်ဇေယျ၊ ဒုတိယအဖွဲ့ခေါင်းဆောင် (၁) အဖြစ် နိုင်ဗညားလယ်၊ ခေါင်းဆောင် (၂) အဖြစ် NMSP ၏ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စလွန်းထောတို့က တာဝန်ယူဆောင်ရွက်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

မွန်ပြည်သစ်ပါတီသည် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုပြီးနောက် NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် နိုင်ငံအဆင့် အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို NLD အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့သော အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်တွင် NMSP အနေဖြင့် စစ်ကောင်စီနှင့် ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင် ခဲ့သလို NCA လမ်းစဥ်အတိုင်း ဆက်သွားမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့-PPST တွင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။

ထို့အတူ PPST အဖွဲ့ဝင်တစ်ဖွဲ့ဖြစ်သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) ကလည်း ပအိုဝ်းဒေသအတွင်း စစ်ကောင်စီနှင့်ဖြစ်ပွားသော ပဋိပက္ခများ၊ စစ်ကောင်စီကြောင့် ဒေသအတွင်းအရပ်သား ထိခိုက်သေဆုံးရသည့် ဖြစ်စဥ်များနှင့် ပတ်သက်၍ စစ်ကောင်စီကို ဆန့်ကျင်၍ ညီနောင်မဟာမိတ်များဖြင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး တိုက်ပွဲဝင်လျက် ရှိနေသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here