လိပ်သိုဒေသခံထောင်ချီမှာ တိုက်ပွဲထပ်မံဖြစ်ပွားမည်စိုးရိမ်ပြီး ဆက်လက်တိမ်းရှောင်နေကြ

0
143
Photo - CJ (ပုံဟောင်းဖြစ်သည်)

ကရင်ပြည်နယ်၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပေါ်ရှိ ရဲစခန်းနှင့် စစ်ကောင်စီတပ်ရင်းများ တိုက်ခိုက်ခံရစဥ် မြို့တွင်းပစ်ခတ်မှုများကြောင့် နေရပ်ရှောင်နေထိုင်ရသော လိပ်သိုဒေသခံ ထောင်နှင့်ချီမှာ ယနေ့အထိ နေရပ်မပြန်ရဲဘဲ ဆက်လက် တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောဆိုသည်။

ပြန့်ကြဲနေသော စစ်ဘေးရှောင်အရေအတွက်ကို စာရင်းကောက်ယူရန် ခက်ခဲသဖြင့် စစ်ရှောင်ဦးရေ တိတိကျကျ မသိရှိရသော်လည်း လိပ်သိုမြို့တစ်မြို့တည်းတွင်ပင် စစ်ကောင်စီ၏ ၂၀၁၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ လူဦးရေ ၃ ထောင်ကျော် ရှိကြောင်း သိရသည်။

လိပ်သိုနယ်ခံအမျိုးသားတစ်ဦးက “လူတွေလည်း တအားကြောက်လန့်ပြီး ပြေးကြတာ။ တော်လှန်ရေး တပ်ဘက်က နောက်ထပ်လာပစ်ဖို့ ရှိသေးတယ် အဲ့လိုသတင်းတွေ ကြားတယ်။ ၁၁ ရက်နေ့လောက်ကမှ ဟိုက်ဂျက်နှစ်စီး ဆိုင်ကယ် လေး၊ ငါး၊ ခြောက်စီးလောက်နဲ့ ရွာတွေဘက်ကို သွားတဲ့သူတွေလည်း သွားတယ်။ တောင်ငူဘက်နဲ့ မြသာကုန်းဘက် ရှောင်တဲ့သူတွေလည်း ရှိတယ်။ တိုက်ပွဲ ထပ်ဖြစ်လာဦးမယ်ဆိုပြီး စိုးရမ်တကြီးနဲ့ ရှောင်ကြတာ” ဟု ပြောသည်။

လိပ်သိုဒေသအတွင်း ဖေဖော်ဝါရီလဆန်းပိုင်းက တိုက်ပွဲများ စတင်ဖြစ်ပွားလာပြီး နောက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ပစ်ခတ်မှုများရှိနေသည့်အပြင် တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် လိပ်သိုမြို့ပေါ်နှင့် အနီးအနားကျေးရွာမှ ဒေသခံ ထောင်ချီသည် ဆက်လက်ရှောင်တိမ်း နေကြသည်ဟု နယ်ခံများက ပြောသည်။

တိုက်ပွဲအတွင်း လက်နက်ကြီးကျည်စ ထိမှန်သဖြင့် နေအိမ်အများအပြား ပျက်စီးခဲ့ရသလို စစ်ကောင်စီက တပ်အင်အား ဖြည့်တင်း၍ လိပ်သိုမြို့အခြေစိုက် ၎င်းတို့၏ခြေမြန်တပ်ရင်း ခမရ-၆၀၃ အတွင်းတွင် ဝင်ရောက် နေရာယူထားသည့်အပြင် လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်နေသည်ဟု တော်လှန်ရေး သတင်းအရင်းအမြစ်များထံမှ သိရသည်။

“လိပ်သိုကတော့ မတည်ငြိမ်သေးပါဘူး။ လူတွေကတော့ လက်နက်ကြီးနဲ့ ထုပစ်လို့ ပြေးရတာ။ စစ်ရှောင်ဦးရေ ခန့်မှန်းဖို့ကတော့ ခက်ပါတယ်။ တိုက်ပွဲမှာတုန်းက သူတို့ (စစ်ကောင်စီတပ်) ဘက်က အသေအပျောက် များထားတယ်။ အခုလည်း အပြင်ကို မထွက်ရဲဘူး။ ၆၀၃ တပ်ရင်းထဲကနေ လက်နက်ကြီးနဲ့ထုနေတာ” ဟု တိုက်ပွဲအတွင်းပါဝင်သည့် သံတောင်မြောက်ပိုင်း (အထူးဒေသ) ကာကွယ်ရေးတပ်ဖွဲ့-NTDF ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့နှင့် ၂ ရက်နေ့တို့က ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ NTDF နှင့် တော်လှန်ရေးပူးပေါင်းတပ်များက လိပ်သိုမြို့ ခမရ (၆၀၃) စစ်ကောင်စီတပ်စခန်းနှင့် မြို့မရဲစခန်း အပါအဝင် မိုင်းလွန်အောက်ရွာရှိ စစ်ကောင်စီတပ်စခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မိုင်းလွန်စခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ (၂) တောင်ငူခရိုင်အတွင်း နယ်မြေမတည်ငြိမ်မှုနှင့် ပစ်ခတ်မှုများကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ စစ်ဘေးရှောင်ဦးရေ ၂ သောင်းကျော် ရှိနေသည်ဟု KNU ၏ ထုတ်ပြန်ချက်အရ သိရသလို ယခုဖေဖော်ဝါရီလအတွင်း လိပ်သိုနှင့် ထန်းတပင်မြို့နယ်တို့တွင် တိုက်ပွဲများကြောင့် စစ်ရှောင်ဦးရေ ပိုမိုတိုးပွားလာနေကြောင်း သိရသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here