“ ပြည်သူလူထုရှိတဲ့ဘက်ကိုပဲ ပစ်မှတ်ထားပြီးတော့ ပစ်နေကြတာဆိုတော့ သူတို့ရဲ့ လုပ်ထုံးလုပ်နည်းပုံစံ ဖြစ်နေတာ။ ဒါပေမယ့် အဲ့ဒါက တကယ်ဆိုလို့ရှိရင်တော့ လုံးဝမဖြစ်သင့်တဲ့ဟာလေ။ ပြည်သူလူထုကို ပစ်မှတ်ထားပြီးမှ အခုလိုမျိုးလုပ်တာကတော့ စစ်ရာဇဝတ်မှုတွေမြောက်တဲ့လုပ်ရပ်ပဲ ဖြစ်ပါတယ်” KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ

0
232
ပုံစာ - KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းချက်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့နှင့် ပညာရေးမြို့တော်ဖြစ်သည့် မိုင်ဂျာယန်မြို့တို့အား စစ်ကောင်စီတပ်မှ လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ရာ ထိခိုက်မှုများရှိခဲ့သည်ဟု KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ထိုသို့လိုင်ဇာမြို့နှင့် မိုင်ဂျာယန်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်နေ့ တနေ့တည်းမှာပဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကလည်း မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့ရှိ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်စခန်း ၂ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

မြေပြင်က အခြေအနေများနှင့် ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ မိုင်ဂျာယန်နဲ့ လိုင်ဇာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ကြားတယ်။ အဲ့ဒီအခြေအနေလေး ပြောပြပေးပါ။

ဖြေ။ ။ မိုင်ဂျာယန်မှာ လက်နက်ကြီးကျတော့ အတည်ပြုပြောလို့ရပါတယ်။ နာရီကတော့ မနက် ၁၁ နာရီဝန်းကျင်လောက် ဖြစ်မှာပါ။ မနက်ပိုင်း ဖြစ်တာ ဒီဇင်ဘာ ၁၅ ရက်ပေါ့နော်။ ရော်ယွန်ဆိုတဲ့ စကစတပ်စခန်းကနေ လက်နက်ကြီးနဲ့ပစ်တာ ဖြစ်ပါတယ်။ ဆိုတော့ အဲ့ဒီလက်နက်ကြီးက ကျနော်တို့ ဒီ ၁၀၅ မမ လက်နက်ကြီး အမျိုးအစား ဖြစ်မယ်လို့ ယူဆပါတယ်။ ရော်ယွန်ဆိုတဲ့ စကစ စခန်းကနေ လက်နက်ကြီးနဲ့ပစ်တယ်။

မေး။ ။ မိုင်ဂျာယန်မှာက လူနေရပ်ကွက်တွေ ကျောင်းတွေနားကို ပစ်တယ်လို့ပြောတယ်။ အဲ့ဒီဘက်က အခြေအနေကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ကျောင်းနားမှာ ကျနော်တို့ မိုင်ဂျာယန် ကောလိပ်ကျောင်းနားမှာကျတာ ဖြစ်ပါတယ်။ ကျောင်းနဲ့တော့ သိပ်တော့မဝေးဘူး။ ဒါပေမယ့် ပိုပြီးမှ နီးတာက အိမ်တွေပေါ့၊ လူနေအိမ်တွေ ပြည်သူလူထုတွေရဲ့ လူနေအိမ်နားမှာ ကျတာ။ ရပ်ကွက် ၅ လို့ ပြောပါတယ်။ ကျနော်ကတော့ ဟိုဘက်က ရပ်ကွက်တွေတော့ မသိဘူး။ ဒါပေမယ့် ကျနော်မေးကြည့်တော့ ရပ်ကွက် ၅ လို့ ပြောတယ်။ အိမ်ပေါ်တည့်တည်ကျတာတော့ မဟုတ်ဘူး။ အိမ်တွေ နားကျတာ။ ပျက်စီးတာတွေတော့ ရှိတယ်လို့ ပြောတယ်။ မှန်တွေဘာတွေ ကုန်တာတွေ ရှိတယ်လို့ ပြောတယ်။

မေး။ ။ ထိခိုက်ပျက်စီးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိပါလား။

ဖြေ။ ။ လူကတော့ ကျောင်းဆင်းပြီးမှ ကျောင်းကအပြန် နားနေတဲ့အချိန် ထိတာရှိတယ်။ ကလေးမ နှစ်ယောက် ထိတယ်။ ကလေးမတစ်ယောက်ကတော့ လက်မှာထိတယ်တဲ့။ နောက်ကလေးမ တစ်ယောက်ကတော့ ခေါင်းမှာ နည်းနည်း ရှပ်ထိသွားတယ်လို့ ပြောတယ်။ ဟုတ်ကဲ့ လူအသေအပျောက်တော့ မရှိဘူး။

မေး။ ။ မိုင်ဂျာယန်အပြင် လိုင်ဇာဘက်က အခြေအနေလည်း ပြောပြပေးပါအုံး။

ဖြေ။ ။ လိုင်ဇာဘက်မှာကတော့ ခါတိုင်းလိုပဲ လိုင်ဇာဝန်းကျင်ကို လက်နက်ကြီးနဲ့ပစ်တာ ရှိတယ်။ နောက် မိုင်ဆတ်ပါတို့ နမ်ဆန်ယန်တို့ဘက်ကတော့ သူတို့လေကြောင်းနဲ့ ဗုံးကြဲတာရှိတယ်။ မိုင်ဆတ်ပါမှာလည်း ဗုံးတစ်လုံးကြဲတဲ့ အနေအထားရှိပါတယ်။ အဲ့လိုစစ်ဆင်ရေး အနေအထားရှိပါတယ်။

မေး။ ။ ဒီနေရာမှာ မေးချင်တာက အခုလိုလူထုကို ပစ်မှတ်ထားပြီး ပစ်ခတ်နေတဲ့အပေါ်ရော ဘာများပြောချင်လဲ။

ဖြေ။ ။ ကျနော်ကတော့ ဘာမှ ပြောစရာမရှိဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က အမြဲတမ်း လူနေအိမ်တွေကိုပဲ ပစ်နေတာ။ အမြဲတမ်း ပြည်သူလူထုရှိတဲ့ဘက်ကိုပဲ ပစ်မှတ်ထားပြီးတော့ ပစ်နေကြတာဆိုတော့ သူတို့ရဲ့ လုပ်ထုံးလုပ်နည်းပုံစံဖြစ်နေတာ။ ဒါပေမယ့် အဲ့ဒါက တကယ်ဆိုလို့ရှိရင်တော့ လုံးဝမဖြစ်သင့်တဲ့ဟာလေ။ ပြည်သူလူထုကို ပစ်မှတ်ထားပြီးမှ အခုလိုမျိုးလုပ်တာကတော့ စစ်ရာဇဝတ်မှုတွေမြောက်တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။

မေး – နောက်တစ်ခုက KIA က စခန်းသိမ်းတိုက်ပွဲတချို့လည်း ရှိတယ်လို့ပြောတယ်။ ဘယ်နေရာတွေက စခန်းတွေကို သိမ်းနိုင်ခဲ့တာပါလဲ။

ဖြေ – တိုက်ပွဲကတော့ ပြည်သူ့စစ်စခန်းတွေကို KIA ဘက်ကနေ ဝင်သိမ်းတဲ့ တိုက်ပွဲကတော့ ရှိပါတယ်။ တာလောကြီးနဲ့ ရွှေညောင်ပင်ပေါ့နော် ၃၂၁ တပ်ရင်း စစ်တပ်ကြားက အဲ့ဒီ ရွှေမင်းပြည်သူ့စစ်တို့ ထိုင်ထားတဲ့ စခန်းအသစ်လို့ ပြောရမှာပေါ့၊ အဲ့ဒီဘော်ဆာဘီးဆိုတဲ့နေရာမှာလည်း ဒီတိုက်ပွဲတော့ ရှိတယ်။ အဲ့ဘက်မှာက KIA ဘက်ကနေ ဝင်စီးတဲ့တိုက်ပွဲ ရှိပါတယ်။ ဒီသူတို့ပြောတာတော့ အဲ့ဒီတာလောကြီးစခန်းနဲ့ ဘော်ဆာဘီးစခန်း သိမ်းတဲ့ သတင်းတော့ ပြောလာတာရှိပါတယ်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here